ရန်ကုန်၊ မတ် ၉
ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၆ ရက်အထိ နီပေါနိုင်ငံ၌ကျင်းပသည့် International Women Championship 2025 လေးနိုင်ငံ အမျိုးသမီးဘောလုံးဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို မတ် ၉ ရက် မွန်းလွဲ ၃ နာရီခွဲက Novotel Yangon Max ဟိုတယ်၌ ပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီအမှုဆောင်များ၊ ကလပ်အသင်းပိုင်ရှင်များ၊ အလှူရှင်များ၊ စပွန်ဆာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဂုဏ်ပြုပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ပြိုင်ပွဲတစ်လျှောက် ယှဉ်ပြိုင်ခဲ့မှု ရုပ်သံမှတ်တမ်းအား ကြည့်ရှုအားပေးကြပြီးနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကျပ်သိန်း(၃၀၀)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ်သိန်း(၇၀၀)၊ KBZ Bank ကကျပ်သိန်း (၁၀၀၀)၊ AYA Bank ကကျပ်သိန်း(၁၀၀၀)၊ Max Energy ကကျပ်သိန်း(၆၀၀)၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက ကျပ်သိန်း(၄၀၀)၊ A Bank ကျပ်သိန်း(၃၀၀)၊ ATOM ကျပ်သိန်း(၃၀၀)၊ BYD Essential Motors ကကျပ်သိန်း(၃၀၀)၊ Max Cement ကကျပ်သိန်း(၂၀၀)၊ MFF အမျိုးသမီးဘောလုံးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စပယ်ကြည်က ကျပ်သိန်း(၂၀၀)၊ MNL လိဂ်ကော်မတီ ဥက္ကဌ ဦးဇော်မင်းသိန်းက ကျပ်သိန်း(၁၀၀)၊ MFF ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်က ကျပ်သိန်း(၁၀၀)၊ ရှမ်းယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေက ကျပ်သိန်း(၁၀၀)၊ ဦးထွန်းထွန်းလင်း (Poe Poe Trading)က ကျပ်သိန်း(၁၀၀)အား ပေးအပ်လှူဒါန်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လက်ခံရယူခဲ့ပြီးနောက် ဂုဏ်ပြုဆုငွေစုစုပေါင်း ကျပ်သိန်း ၅၇၃၀ ကို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အုပ်ချုပ်/နည်းပြ၊ကစားသမားများထံသို့ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အစီအစဉ်အရ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကိုယ်စား တိုက်စစ်မှူး ဝင်းသိဂီထွန်းနှင့်မေထက်လူတို့က ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အဆိုပါ ပြိုင်ပွဲတွင် နီပေါ၊ ကာဂျစ္စတန်၊ လက်ဘနွန်အသင်းတို့နှင့် လေးသင်းပတ်လည်ယှဉ်ပြိုင်ကစားခဲ့ပြီး အုပ်စုပွဲများတွင် လက်ဘနွန်အသင်းကို သုံးဂိုး-တစ်ဂိုး၊ ကာဂျစ္စတန်အသင်းကို ငါးဂိုးပြတ်အနိုင်ရကာ အိမ်ရှင်နီပေါအသင်းနှင့် နှစ်ဂိုးစီသရေကျကာ အုပ်စုပထမဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။ ဗိုလ်လုပွဲတွင် အိမ်ရှင်နီပေါအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူပြီး ချန်ပီယံဆု ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
MFF
https://t.me/MyanmarNationalPost
No comments:
Post a Comment