ငဖဲ၊ မတ် ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ရေလှောင်တမံဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်း ၉၄၂ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယမန်နေ့အထိ ၈၉၇ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
၂၀၂၅ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများအဆင်ပြေစွာ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် အစိုးရဆည်ရေ၊ ဆည်ငယ်ကန်ငယ်ရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးမည့် လယ်ယာမြေများသို့ စိုက်ပျိုးရေများ စနစ်တကျဖြန့်ဝေပေးလျက်ရှိပြီး စိုက်ပျိုးပြီးစီးသည့် နှမ်းမျိုးများမှာ စမုန်နက် ၂၆၃ ဧက၊ ဆင်းရတနာ-၁၂ ၉၅ ဧကနှင့် သိပ္ပံနှမ်းနက် ၅၃၉ ဧက စုစုပေါင်း ၈၉၇ ဧကစိုက်ပျိုးပြီးစီးပြီး လျာထားချက်ပြည့်မီရေး ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်းနှင့် ယခင်နှစ်က နွေနှမ်းသီးနှံကို ၆၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ရာ တစ်ဧကအထွက်နှုန်း ၈.၅၃ တင်းခန့် ထွက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် နွေသီးနှံများစိုက်ပျိုးရာသီ၌ စပါးနှင့်နှမ်းကို အဓိကထားစိုက်ပျိုးကြပြီး ဒေသတွင်း စားသုံးဆီဖူလုံစေရေး နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ သီးနှံအထွက်နှုန်း တိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအား တိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ သီးနှံများပန်းတိုင်အထွက်နှုန်းတိုး တက်ရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ တောင်သူ အသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ကွင်းဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)
https://t.me/MyanmarNationalPost
No comments:
Post a Comment