နေပြည်တော်၊ မတ် ၁၆
၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား ပြီး ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသည့် ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားရာတွင် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ် စေရန်ဘက်စုံထောင့်စုံက ကြိုးပမ်းတည်ဆောက်နေရာ၌ ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူအားလုံး၏ အင်အားသည်အဓိကကျပြီး အားလုံး၏ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏစွမ်းအားများနှင့် ပူးပေါင်းပါဝင်မှု အင်အားဖြင့်သာ အောင်မြင်နိုင် မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် သာမန်အဆင့် ထက်သာလွန်သည့် လုံ့လ၊ ဝီရိယ၊ ခွန်အားစိုက်ထုတ်ပြီး ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ လည်းရှိနေသည်ကိုတွေ့ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ ယခုကဲ့သို့နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုနှင့်အတူ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး မိမိတတ်စွမ်းသမျှ အသိပညာ၊ အတတ်ပညာများနှင့် ထူးကဲစွာဆောင်ရွက်သူ၊ ကိုယ်ကျိုးမဖက်နိုင်ငံ့အတွက် စွန့်လွှတ် စွန့်စား အကျိုးဆောင်သူများကို လွတ်လပ်ရေးနေ့နှင့် နေ့ထူးနေ့မြတ် အခါသမယများတွင် ထိုက်သင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များချီးမြှင့်အပ်နှင်း ဂုဏ်ပြုလျက်ရှိကြောင်း။
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက် ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ဆောင်ရွက် ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ ထူးခြားစွာ အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် သံတမန်တာဝန်များကို ထူးချွန်စွာဆောင်ရွက်သည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသော ပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်ပြီး အကျိုးပြုကြသည့် ပုဂ္ဂိုလ်များသည် နိုင်ငံတော်အတွက် စံနမူနာပြပုဂ္ဂိုလ်များပင် ဖြစ်ကြကြောင်း၊ ထိုသို့ထူးချွန် ပြောင်မြောက်ပြီး နိုင်ငံ့အကျိုးကို ဆောင်ရွက်ခဲ့ကြသည့်ပုဂ္ဂိုလ်များကို လေးစားတန်ဖိုး ထားသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နှစ်စဉ် ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်လျက်ရှိကြောင်း။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်တွင်းက ဂုဏ်ထူး ဆောင်ဘွဲ့ အပ်နှင်းခြင်းခံထိုက်သူများကိုသာမက ပြည်ပနိုင်ငံများက မြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကိုလည်း နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ စေရန်အတွက် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းလျက် ရှိကြောင်း။
ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်ချီးမြှင့်အပ်နှင်းရေးဆိုင်ရာ လုပ်ငန်းများကို ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ စိစစ်ရွေးချယ်ပြီး အမှန်တကယ် ဂုဏ်ပြုချီးမြှင့်ထိုက်သူများကိုသာ ထိုက်ထိုက်တန်တန် ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သဖြင့် ဘွဲ့ခံပုဂ္ဂိုလ်များနှင့် မိသားစုဝင်များအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်မိသည်ကို ပြောကြားလိုကြောင်း။
ယနေ့ကျင်းပသည့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်(လွတ်လပ်ရေးနေ့)နှင့် မတ်လ(၂)ရက် (တောင်သူလယ် သမားနေ့)တို့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးဖြစ်သည့် စည်သူဘွဲ့(၁၃)ဦး၊ သူရဘွဲ့ (၃)ဦး၊ ဇေယျကျော်ထင်ဘွဲ့(၁၇)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့(၁၄)ဦး၊ အလင်္ကာကျော်စွာဘွဲ့(၁)ဦး၊ သိပ္ပကျော်စွာဘွဲ့(၂)ဦး၊ စုစုပေါင်း(၅၀)ဦးကို သက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ များ ချီးမြှင့်အပ်နှင်းသွားမည် ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရက ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ် ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေး ရည်မှန်းချက်(၂)ရပ် စသည့် လုပ်ငန်း စဉ်များသည် လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အလွန်ကျယ်ပြန့် နက်ရှိုင်းကြောင်း၊ ဥပမာပြောရမည်ဆိုပါက တိုင်းပြည်သာယာဝပြောရေး လုပ်ငန်းစဉ်များ ထဲတွင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ပြည်သူများ ကိုယ်စိတ်နှလုံး အေးချမ်းစွာနေထိုင် လုပ်ကိုင် စားသောက်နိုင်ရေးစသည့် အချက်များစွာ ပါဝင်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဦးတည်ချက်လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်တိုင်းမှာ ကဏ္ဍအလိုက် အသေးစိတ် ဖော်ဆောင်ရမည့် လုပ်ငန်းတာဝန် များစွာရှိနေကြောင်း။
အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲကြီး ကျင်းပနိုင်ရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများကိုလည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေး သွားမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သည် ကို ပြောကြားလိုကြောင်း။
နိုင်ငံတော်အတွက် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ကြသူများ၊ စွန့်လွှတ် စွန့်စားမှု၊ အနစ်နာခံမှုတို့ဖြင့် တာဝန်ကျေခဲ့ကြသူများကို နိုင်ငံတော်အစိုးရအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ဂုဏ်ယူပါကြောင်းကို ထပ်လောင်းပြောကြားလိုကြောင်း။
မိမိတို့၏ ဘဝတစ်သက်တာအတွင်း တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု များကို ယခုကဲ့သို့မှတ်တမ်းတင်ဂုဏ်ပြုချီးမြှင့်ခြင်းခံရသကဲ့သို ဆက်လက်ပြီး နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ သားစဉ်မြေးဆက်များကိုပါ ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်စေရန် စံနမူနာကောင်းများ ပြကြပါဟု တိုက်တွန်းမှာကြားလိုကြောင်း ဖြင့်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များဖြစ်ကြသည့် စည်သူဘွဲ့ရရှိသူ ၁၃ ဦး၊ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဘွဲ့များဖြစ်ကြသည့် သူရဘွဲ့ရရှိသူ ၃ ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်ကြသည့် ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၁၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ ၁၄ ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ ၁ ဦး၊ သိပ္ပကျော်စွာဘွဲ့ရရှိသူ ၂ ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများနှင့်အတူ မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြ သူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment