ရန်ကုန်၊ မတ် ၂၈
စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်) က စက်ရုံမြေနှင့် မသက်ဆိုင်ဘဲ စိုက်ပျိုးရေးလုပ်ကိုင်နေသူများကို ကျူးကျော်ဟုဆိုကာ ဖယ်ရှားရှင်းလင်းရန် လုပ်ဆောင်နေခြင်းကြောင့် နစ်နာသူတောင်သူများက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံ တင်ပြတိုင်ကြားထားကြောင်း သိရသည်။
အချင်းဖြစ်မြေနေရာနှင့် ပတ်သက်၍ ဆေးဝါးစက်ရုံ (အင်းစိန်) က ၂၀၂၅ခုနှစ်၊ မတ်လ ၂၁ ရက်စွဲပါ စာအမှတ် ၊၄၀၂/အခ-၂(၇) (၁၀၆)/ ၂၀၂၅(၀၉၇၃) ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းဝန်ထမ်းအိမ်ရာမြေအတွင်း ကျူးကျော်နေထိုင်ခြင်းမှ ဖယ်ရှားရှင်းလင်းရန် အကြောင်းကြားခြင်း ခေါင်းစဉ်တပ်၍ စိုက်ပျိုးရေးလုပ်ကိုင်နေသူများကို ကျူးကျော် အဖြစ် သတ်မှတ်၍ ဖယ်ရှားခိုင်းခြင်းဖြစ်သည်။
ထိုသို့ လုပ်ဆောင်လာမှုနှင့် ပတ်သက်၍ စိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိသူ ဦးပြုံးချိုအား ဆက်သွယ်မေးမြန်းရာ "ကျွန်တော် က ဝယ်ယူပြီးတော့ နေထိုင်လုပ်ကိုင်နေတာပါ။ ကျွန်တော့် အမတွေက မိဘလက်ငုပ်လက်ရင်းကို ဆက်လက်လုပ်ကိုင်စားသောက်နေတာပါ။ ကျွန်တော်တို့ စိုက်ပျိုးရေးလုပ်နေတဲ့ မြေက ဆေးဝါးစက်ရုံအတွက် သိမ်းတဲ့အထဲမှာ မပါတဲ့ မြေပါ။ ဝန်ကြီး ဦးအောင်သောင်းလက်ထက်မှာ တိုးချဲ့ရှိတယ်ဆိုပြီးတော့ နှုတ်မိန့်နဲ့ သိမ်းယူသွားပါတယ်။ အဲဒီကနေ ကျွန်တော်တို့ ၂၀၁၂ လယ်ယာမြေဥပဒေပေါ်ပေါက်တော့ ကျွန်တော်တို့ အသနားခံစာတင်ပြီး ပြန်တောင်းတော့ သမ္မတကြီးဦးသိန်းစိန် လက်ထက်မှာ ပြန်ပြီးစိစစ်ဖို့ အမိန့်ချပေးထားပါတယ်။ ၂၀၁၇မှာ ပြန်ပြီးတော့ ကျွန်တော်တို့ အစိုးရက ပြန်ချပေးထားပါတယ်။ အဲဒီ ၂၀၁၇မှာပဲ စက်ရုံကနေပြီးတော့ ကျွန်တော်တို့ကို ၄၄၇ နဲ့ တရားစွဲပါတယ်။ တရားစွဲတော့ ပလပ်ခံလိုက်ရပါတယ်။ သူတို့က (ခ)ကွင်းပါ။ ကျွန်တော်တို့က (က)ကွင်း ဖြစ်နေတဲ့အတွက်ကြောင့် တရားရုံးက အမှုကို ပလပ်ခဲ့ပါတယ်။ အခု ၂၀၂၄ မှာ သူတို့က ကျွန်တော်တို့ကို ဥပစာဥပဒေနဲ့ လာရောက်ပြီးတော့ နှင်ထုတ်ပါတယ်။ ကျွန်တော်တို့က ပြန်လည်ရှင်းလင်းပြောဆိုပြတာကို လက်မခံပါဘူး။ အဲဒီမှာ နေပြည်တော် ရုံးအမှတ် (၄၀)ကို သွားပြီး အယူခံတက်ပါဆိုလို့ ကျွန်တော်တို့ သွားရပါတယ်။ ရုံးအမှတ် (၄၀)ရောက်တော့ ပြောပြတဲ့အခါ ရုံးအမှတ်(၄၀) က ကျွန်တော်တို့ အမှုကို သူတို့လုံးဝမစဉ်းစားပါဘူးတဲ့။ မြေယာမှုဖြစ်နေတဲ့အတွက်ကြောင့်မို့ မြေယာနဲ့ပဲဆက်လက်ပြီး သွားပါလို့ ကျွန်တော်တို့ကို ရုံးအမှတ်(၄၀) က ပြောပါတယ်။" ဟု ဖြေကြားသည်။
ယခုအခါ တောင်သူများအား ရှင်းလင်းဆောင်ရွက်ရန် ဒုစက်ရုံမှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားသည်မှာလည်း ပြန်လည်ညွှန်ကြားခြင်းမျိုး မရသေးကြောင်း သိရသည်။
ဦးပြုံးချို က "ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုလည်း တင်တယ်။ ကျွန်တော်တို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံကိုလည်း တင်တယ်။ လယ်ဆည်ဝန်ကြီး ကိုလည်း တင်ထားတယ်။ ကျွန်တော်တို့ကို ခေါ်ယူစစ်ဆေးခြင်း လုံးဝမလုပ်သေးပါဘူး။ ကျွန်တော်တို့ကို ကျူးပါဆိုပြီး အခု ကျွန်တော်တို့ကို နို့တစ်တစ်ကြိမ်တည်းနဲ့ ဖျက်ခိုင်းတာပါ။ ကျွန်တော်တို့က စက်မှုဝန်ကြီးကိုလည်း အသနားခံစာ တင်တယ်။ ကျွန်တော်တို့ မြို့နယ်၊ ခရိုင်၊ တိုင်း ကိုလည်း တင်ထားပါတယ်။ တင်ထားတာကို မစောင့်စိုင်းဘဲနဲ့ အင်အားသုံးပြီးတော့ စစ်တပ်၊ ရဲ ပါလာပြီး ဖျက်ခိုင်းတော့ ကျွန်တော်တို့ ဖျက်ရပါတယ်။" ဟု ပြောသည်။
အဆိုပါ နေရာတွင် စိုက်ပျိုးရေးလုပ်ကိုင်ပြီး နေထိုင်သူ (၁၈)ဦး ရှိကြောင်း သိရပြီး မြေဧရိယာ (၁၀)ဧက ရှိကြောင်း သိရသည်။
စက်ရုံဘက်မှ ယခုကဲ့သို့ ဆက်လက်လုပ်ဆောင်နေခြင်းအပေါ် ဦးပြုံးချိုက "ကျွန်တော်တို့ကို ကူညီပါလို့။ ကျွန်တော်တို့ကို မတရားသဖြင့် လုပ်နေတာကို မခံနိုင်လို့ ပြောပြတာပါ။ ကျွန်တော်တို့ကို ဥပဒေမဲ့ လုပ်ရပ်တွေ လာလုပ်နေတာကို ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ကျွန်တော်တို့ကို ပြန်လည်စိစစ်ပေးပါလို့၊ ဒီအမှု အမှန်ပေါ်ပေါက်အောင် ကျွန်တော်တောင်းဆိုပါတယ်။" ဟု ပြောသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment