တိုကျို၊ မတ် ၁၂
၅၀ ကြိမ်မြောက် ဂျပန်အပြည်ပြည်ဆိုင်ရာ စားသောက်ကုန်နှင့် အဖျော်ယမကာပြပွဲ (The 50th Foodex Japan 2025) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် Tokyo International Exhibition Center ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် ပါဝင်တက်ရောက်ကာ အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Hiroyoshi Sasagawa ၊ Japan Management Association ၊ ဥက္ကဋ္ဌ Mr. Masami Nakamura၊ ပြပွဲတွင် ပါဝင်ပြသကြသည့် နိုင်ငံများမှ သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များ၊ ပြပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ စားသောက်ကုန်နှင့်အဖျော်ယမကာပြပွဲ (Foodex Japan) သည် အာရှတွင် အကြီးဆုံးစားသောက်ကုန်နှင့်အဖျော်ယမကာပြပွဲဖြစ်ပြီး၊ ၁၉၇၆ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့သဖြင့် ယခု အကြိမ်သည် ၅၀ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကာ မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပါဝင်ပြသခြင်း ဖြစ်သည်။ ပြပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး၊ နိုင်ငံပေါင်း ၇၄ နိုင်ငံမှ ကုမ္ပဏီ စုစုပေါင်း ၂,၈၀၀ ကျော်က ပြခန်းပေါင်း ၃,၈၀၀ ဖွင့်လှစ်ပြသသွားမည် ဖြစ်သည်။ ပြပွဲသို့ နှစ်စဉ် ဧည့်သည် ၈၀,၀၀၀ ကျော် လာရောက် ကြည့်ရှုလေ့ရှိသည်။
အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံမှ စားသောက်ကုန်များအား ဂျပန်နိုင်ငံနှင့် နိုင်ငံတကာသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာ့စားသောက်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရေး၊ ဈေးကွက် ချိတ်ဆက်မှုများ ရရှိစေရေး၊ လုပ်ငန်းရှင်များအား နိုင်ငံတကာ ပြပွဲအတွေ့အကြုံများ ရရှိစေရေးနှင့် အခြားလုပ်ငန်းရှင်များ၏ နည်းပညာနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေအနေ များအား လေ့လာ၍ မြန်မာ့စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပါဝင်ပြသခဲ့ခြင်း ဖြစ်သည်။ ပြပွဲတွင် မြန်မာကုမ္ပဏီများက ကော်ဖီ၊ လက်ဖက်ခြောက်၊ ပျားရည်၊ ယိုအမျိုးမျိုး၊ မက္ကဒေးမီးယား၊ သရက်သီးခြောက်၊ သရက်သီးယို၊ ချဉ်ပေါင်ဖူးခြောက်၊ မျှစ်၊ ပဲအမျိုးမျိုးနှင့် နှမ်းစသည့် စားသောက်ကုန်များအား ပါဝင်ပြသခဲ့ကြသည်။
အဆိုပါ ၅၀ ကြိမ်မြောက် ဂျပန်အပြည်ပြည်ဆိုင်ရာ စားသောက်ကုန်နှင့်အဖျော် ယမကာပြပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ပြသခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment