မကွေး၊ မတ် ၁၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်န်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုန်းဇလဲကျေးရွာသို့ရောက်ရှိပြီး ကျေးရွာတွင်း မီးလောင်ပျက်စီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မုန်းဇလဲကျေးရွာဘုန်းတော်ကြီးကျောင်း(၃)ကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီမီးဘေးရှောင်စခန်းတွင် မီးဘေးသင့်ပြည်သူ ၁၄၄၅ ဦးအား တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ မီးဘေးသင့်ပြည်သူများ၏ တင်ပြချက်များအပေါ် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးမောင်မောင်ဆန်းတို့က မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု ၃၇၂ စု၊ လူဦးရေ ၁၄၄၅ ဦးတို့အတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ထောက်ပံ့ငွေ ၊ ဆန် ၊ ဆီ ၊ ကုလားပဲ ၊ အဝတ်အထည် ကယ်ဆယ်ရေးပစ္စည်းများနှင့် သောက်ရေသန့်ဗူးများကို မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအဖွဲ့သည် မုန်းဇလဲကျေးရွာရတနာမဂ္ဂင် မိုးကုတ်ဓမ္မရိပ်သာ(မြောင်းဘောင်)ကျောင်းတိုက်သို့ရောက်ရှိပြီး ကျေးရွာရှိဘုန်းတော်ကြီး ကျောင်း(၄) ကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးများအား ဦးခိုက်ဖူးမြော်ကြည်ညို၍ နဝကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ၌ မတ် ၁၂ ရက်နေ့က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၄၅၀ ၊ အိမ်ထောင်စု ၄၇၀ ရှိသည့်အနက် အိမ်ခြေ ၃၆၀ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု ၃၇၂ စု ၊ လူဦးရေ ၁၄၄၅ ဦး မီးဘေးဒဏ်သင့်ခဲ့ကာ ဌာနဆိုင်ရာ တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ဘုန်းတော်ကြီး ကျောင်း(၃)ကျောင်းတွင် ယာယီမီးဘေးရှောင်စခန်းဖွင့်လှစ်ထားရှိပြီး လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဒေသတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များက မိမိတို့ တတ်အားသရွေ့ အလှူငွေများ၊ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို လာရောက်ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မောင်ညီညာ
https://t.me/MyanmarNationalPost
No comments:
Post a Comment