ပုသိမ်၊ မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ငရုတ်ကောင်း အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်၍ တာဝန်ရှိသူများအား တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ ဖြေဆိုနိုင်ရေးဝိုင်းဝန်း စောင့်ရှောက်ကြရန်၊ မေးခွန်းများ သယ်ဆောင်ရာတွင် လုံခြုံမှုရှိရေးနှင့် ထိန်းသိမ်း စောင့်ရှောက်မှုများ အလေးထား ဆောင်ရွက်ရန်၊ ကျောင်းဝန်းအတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ ထူးခြားမှုတစ်စုံတစ်ရာရှိပါက ကွပ်ကဲရေးရုံးများမှတစ်ဆင့် အချိန်မီ သတင်းပေးပို့ကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးမှာကြားကာ သင်္ချာဘာသာရပ်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ငရုတ်ကောင်း-ချောင်းဝ-နံ့သာပု-ဂျိုင်လေး-ဂေါ်ရန်ဂျီကျွန်းလမ်းပေါ်ရှိ ချောင်းဝတံတား ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက တံတားဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် တံတားဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အပြီးသတ်လုပ်ငန်းများ အဆင့်မီမီပြီးစီးစေရေး၊ လုပ်ငန်းသုံးပစ္စည်းများ စနစ်တကျ သိမ်းဆည်းစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရန်နှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းဝတံတားအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်း-ချောင်းဝ-နံ့သာပု-ဂျိုင်လေး--ဂေါ်ရန်ဂျီကျွန်းလမ်းပေါ်ရှိ ချောင်းဝတံတားသည် တံတား အရှည် (၁၂၈၀) ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄) ပေ၊ ရေလမ်းကင်းလွတ်အကျယ် (၇၈.၇၄၄) ပေ၊ ရေလမ်းကင်းလွတ်အမြင့် (၁၂.၂) မီတာ၊ (Bored Pile RC Concrete) အမျိုးအစားဖြစ်ပြီး ၁.၃.၂၀၂၀ ခုနှစ်မှ ၃၁.၃.၂၀၂၅ ခုနှစ်အထိ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တံတားလုပ်ငန်း အားလုံးဆောင်ရွက်ပြီးစီးပြီး တံတားအပေါ်ကတ္တရာခင်းခြင်းလုပ်ငန်း အပြီးသတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂေါ်ရန်ဂျီကျွန်းပေါ်ရှိ မြဝတီဘုရားအား ဖူးမြော်ကြည်ညိုခဲ့ပြီး ကမ်းခြေအလှများအား ကြည့်ရှုခဲ့ကာ ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြသည့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများ၊ သွင်းအားစု အစုအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယခုလ(၁၇)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့များ သွင်းအားစု အစုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ခုနှစ်မှစတင်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများလက်ဝယ်သို့ သွင်းအားစုများ အချိန်မီရောက်ရှိနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် သွင်းအားစုများထည့်သွင်း စိုက်ပျိုးသဖြင့် အထွက်နှုန်း ပိုမိုရရှိမည်ဖြစ်ပြီး ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့များ၊ သွင်းအားစု အစုအဖွဲ့များအနေဖြင့် အကျိုးရှိစေပါကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧကလျှင် နှစ်သိန်းနှင့်ညီမျှသည့် သီးနှံများကို ပြန်လည်ပေးသွင်းရမည်ဖြစ်ပါကြောင်း၊ ပို့ကုန်နှစ်ဆ တိုးမြှင့်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့များ၊ သွင်းအားစု အစုအဖွဲ့များအနေဖြင့် တောင်သူများ အထွက်တိုး မျိုးကောင်းမျိုးသန့်များရရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် သွင်းအားစုများ ထည့်သွင်းအသုံးပြုခြင်းကြောင့် သီးနှံအထွက်နှုန်းတိုးတက်မှုများအား စနစ်တကျမှတ်တမ်းထားရှိတင်ပြရန် လိုအပ်ပါကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးရာတွင်လည်း အထွက်နှုန်းကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးကြရမည်ဖြစ်ပါကြောင်း၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့များအနေဖြင့်လည်း မိမိတို့၏ အခန်းကဏ္ဍ အလိုက်စနစ်တကျ ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကိုလည်း ဝိုင်းဝန်းကူညီပေးရန်လိုပါကြောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြ စေလိုကြောင်း” အမှာစကားများ ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ ၂၀၂၄-၂၀၂၅ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြသည့် ဝယ်ယူကြိတ်ခွဲသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးနှင့် သွင်းအားစုအစုအဖွဲ့များကိုယ်စား ကိုယ်စားလှစ်တစ်ဦးတို့က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ကျော်ဟိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment