ညောင်ဦး၊ ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်ရှိ ပုပ္ပားတောင်သည် နှစ်သန်းပေါင်းများစွာက မီးတောင်ရှင်တစ်လုံးဖြစ်ခဲ့ပြီး မီးတောင်ပေါက်ကွဲစဉ် မီးတောင်ပြာများ၊ ချော်တုန်းချော်ခဲများ နှစ်ကာလကြာမြင့်လာချိန် အသွင်ပြောင်းလာရာမှ တန်ဖိုးမဖြတ်နိုင်သည့် ကျောက်ဆိုင်ကျောက်သားများဖြစ်လာကာ ရှေးနှစ်သန်းပေါင်းများစွာကတည်းက ပတ်ဝန်းကျင်ဂေဟစနစ်ပြောင်းလဲလာသည့် ဘူမိနယ်မြေ(၄)ဧရာဝတီ ကျောက်လွှာစုကို လေ့လာနိုင်ကြောင်း ပုပ္ပားတောင်ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်အုန်းကျော်ထံကသိရသည်။
ကျောက်ပန်းတောင်းမြို့မှ မြင်းခြံ-တောင်သာမြို့သို့သွားရာ သုံးထပ်ကွေ့စတင် တက်သည့် နေရာတွင်တည်ရှိသည့် ဘူမိနယ်မြေ(၄)အဖြစ် သတ်မှတ်ထားသည့် ဧရာဝတီ ကျောက်လွှာစုသည် အဓိကအားဖြင့်တွဲဆက်မှုအားနည်းသော ရွယ်ကြီးစေ့သဲကျောက်များဖြင့် ဖွဲ့စည်းထားပြီး ဧရာဝတီကျောက်လွှာစု၏ သက်တမ်းသည် မိုင်အိုဆင်းနှောင်းပိုင်းမှ ပလိုင်အိုဆင်း (လွန်ခဲ့သောနှစ်သန်းပေါင်း ၁၁.၅ သန်းမှ ၂ သန်းအတွင်း)ဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များ ထံကသိရသည်။ ဤကျောက်လွှာစုတွင် ကန့်လန့်ဖြတ်လွှာအင်ကဲ့သို့သော အနည်ကျအနေအထားများကို ပေါများစွာတွေ့ရပြီး ရှေးဦးပေါ်ပေါက်ခဲ့သည့် ဆင်၊ ကြံ့၊ တောဝက်၊ ကျွဲ၊ နွား ၊သမင်၊ မိကျောင်းစသည့် ကျောရိုးရှိသတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် အပင်ရုပ်ကြွင်း တစ်မျိုးဖြစ်သော အင်ကြင်းကျောက်များကို တွေ့ရှိရကြောင်းသိရသည်။ ပုပ္ပားတောင်မကြီး၏ အနောက်ဘက်နှင့်အနောက်မြောက်ဘက်တို့တွင် ထိုသဲကျောက်လွှာတို့နှင့်အတူ ချော်မှုန့်ကျောက်များကို လွှာစဉ်ထပ်အနေအထားဖြင့် လာရောက်လေ့လာနိုင်ကြောင်းလည်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment