နေပြည်တော်၊ မတ် ၁၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ များအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမှတ် (၁) အကြီးစားစက်မှု လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးများက သတ်မှတ်နေရာအသီးသီးမှ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သားသမီးများအနက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား ကျောင်းသူ ၃၁၇ ဦး ဝင်ရောက်ဖြေဆို မည်ဖြစ်ကြောင်း၊ အဆိုပါဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအနက် နေပြည်တော် စာစစ်ဌာနများတွင် ဝင်ရောက်ဖြေဆိုမည့် ၂၅ ဦးကို မတ် ၁၄ ရက်တွင် အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့တွင် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)၊ စက်ရုံ/ အလုပ်ရုံ၊ စိုက်ကွင်း/ စိုက်ခြံ၊ စက်မှုသင်တန်းကျောင်းတို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကိုလည်း အာဟာရဖြည့်စွက်စာများနှင့် ချီးမြှင့်ငွေများကို ပေးအပ်သွား မည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ၏ လိုအပ်ချက်များရှိပါက ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) ရှိ ဝန်ထမ်းသားသမီးများအနက် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ကိုးဦးအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ခုနစ်ဦးအတွက် ချီးမြှင့်ငွေများကို စက်ရုံမှူးကလည်းကောင်း ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် သံရည်ကျိုလုပ်ငန်းများ အရှိန်အဟုန် မပြတ်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ လက်တွေ့အကောင်အထည်ဖော်နိုင်မည့်စီမံချက်များ၊ အချိန်ဇယားများ ရေးဆွဲထားရှိရန်၊ သံရည်ကျိုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောစက်အရန်ပစ္စည်းများ၊ ကုန်ကြမ်းများကို ကြိုတင်ဝယ်ယူဖြည့်တင်းထားရန် ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးများက ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင် အထည်ဖော်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ သံရည်ကျိုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် စက်အရန်ပစ္စည်းများ၊ ကုန်ကြမ်းများ စုဆောင်းထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment