မော်လမြိုင်၊ မတ် ၂၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ ပြည်သူများစာဖတ်သည့်အလေ့အထကောင်းများ ရှိလာစေရန်၊ စာကြည့်တိုက်ဝန်ဆောင်မှုနည်းစနစ်များ မှန်ကန်တိကျစေရန်နှင့် ရပ်ကွက် /ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာကြည့်တိုက်ပညာဆင့်ပွားသင် တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၂ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မော်လမြိုင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က စာကြည့်တိုက်ဆိုင်ရာ သင်ခန်းစာတွင်ပါရှိသည့်စာအုပ်များစုဆောင်းခြင်း၊ အမျိုးအစားများခွဲခြင်း၊ စာရင်းများရေးသွင်းခြင်း၊ စာအုပ်စာစောင်များစစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းစသည့် သင်ခန်းစာများကို ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်မှူးများအနေဖြင့် စိတ်ပါဝင်စားစွာ သင်ယူကြစေရေး ဆွေးနွေးခြင်းများကို စာတွေ့၊ လက်တွေ့ပေါင်းစပ်ပြီး ပြုလုပ်ခဲ့ကြဖို့လိုအပ်ပါကြောင်း သင်တန်းမှရရှိသော စာကြည့်တိုက်ဆိုင်ရာ လက်တွေ့လုပ်ဆောင်ရမည့်အချက်များကို မိမိတို့ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များတွင် သင်ကြားပို့ချထားသည့်အတိုင်း ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာအုပ်စာစောင်များနှင့် စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်မှူးများ ထံပေးအပ်ခဲ့ပြီး သင်တန်းနည်းပြများအဖြစ် မော်လမြိုင်ခရိုင်ရုံးမှ တာဝန်ရှိသူတို့က သင်ကြားပို့ချသွား မည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးနှင့် လက်ထောက်စာကြည့်တိုက်မှူး(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment