ထားဝယ် , မတ် ၂၆
လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ် (၁၂/၂၅)နှင့် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က နိုင်ငံ့အနာဂတ်ရင်သွေးငယ်များ၏ စာပေပညာ တတ်မြောက်ရေး၊ ပညာရည်မြင့်မားရေးအတွက် အခက်အခဲ၊ အကျပ်အတည်းများ၊ နှောင့်ယှက်မှုမျိုးစုံကြားမှ ဆရာဟူသော မွန်မြတ်လှသောဂုဏ်ပုဒ်နှင့်အညီ ကောင်းမွန်မြင့်မြတ်သောစိတ်ထားများဖြင့် သင်ကြားရေးတာဝန်များကို ကြိုးပမ်းထမ်းဆောင်လျက်ရှိသော မူလတန်းပြဆရာ၊ ဆရာမများအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ အမြင်သစ်နှင့် တီထွင်ဆန်းသစ်ဖန်တီးနိုင်စွမ်းရှိသော လူငယ်လူရွယ်များသည် ဆရာအလုပ်ကို ရွေးချယ်သောကြောင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်းသား၊ သင်တန်းသူများအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ တိုင်းပြည်၏အနာဂတ်သည် လူငယ်များ၏ လက်ထဲမှာရှိသလို၊ လူငယ်များ၏အနာဂတ်သည် ဆရာ၊ ဆရာမများ၏ လက်ဝယ်ရှိသောကြောင့် ဆရာများ၏စွမ်းရည်သည် အလွန်ပဓာနကျကြောင်း၊ ယနေ့မျက်မှောက် ခေတ်ကာလသည် ပညာခေတ်ဖြစ်သည်နှင့်အညီ ဆရာများ၏အခန်းကဏ္ဍသည် အခရာကျကြောင်း၊ ယခုအခါ ပညာရေးပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လျက်ရှိရာ ပြောင်းလဲလာသောပညာရေး စနစ်များ၊ သင်ပြနည်း၊ ချဉ်းကပ်နည်းများနှင့် လိုက်လျောညီထွေရှိစေရန် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့၏ တာဝန်ဝတ္တရားများပေါ်တွင်စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာအပြင် မေတ္တာ၊ ကရုဏာ၊ အကြင်နာကြီးမားစွာဖြင့် ခေတ်မီဆန်းသစ်သော သင်ကြားနည်းများဖြင့် သင်ကြားပေးနိုင်မည်ဆိုပါက အဖိုးတန် လူ့စွမ်းအားအရင်း အမြစ်များပေါ်ထွန်းလာမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က မူလတန်းဆရာ့အတတ်ပညာသင်တန်းအတွက် ချီးမြှင့် ငွေ(၁၅)သိန်းကျပ်နှင့် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်းအတွက် ချီးမြှင့်ငွေ(၁၅)သိန်းကျပ်အားပေးအပ်ရာ ဒုတိယကျောင်းအုပ်ကြီးက လက်ခံရယူသည်။
ဆက်လက်၍ဆရာမများက အလှကမ္ဘာမြေနှင့် ရွှေဘိုသနပ်ခါးသီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသားဆရာ/မများက ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment