ချမ်းအေးသာစံ၊ မတ် ၂၈
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေသည့် (ဎဂ) စာဖြေဌာန၊ မဟာသုန္ဒရာရာမပရိယတ္တိစာသင်တိုက်သို့ မတ်လ (၂၇) ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ကာ အစိုးရဓမ္မာစရိယ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ဆရာတော်များအား ဖူးမြော်၍ စာဖြေသံဃာတော်နှင့် သီလရှင်များ စာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုကြည်ညိုကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန် ရှိသူများသည် မဟာသုန္ဒရာရာမပရိယတ္တိ စာသင်တိုက်သို့ရောက်ရှိပြီး နာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ (ဇေယျာလူမှုထူးချွန်ပထမဆင့်) ဘဒ္ဒန္တအာဝုဓအား ဖူးမြော်၍ ဩဝါဒများခံယူကာ နဝကမ္မဝတ္ထုငွေများ လှူဒါန်းပြီးနောက် စာမေးပွဲကြီးကြပ်ရေး ဩဝါဒဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များအားဖူးမြော်၍ ဩဝါဒများခံယူပြီး စာဖြေခန်းများတွင် စာဖြေသံဃာတော်များ၊ သီလရှင်များ အေးချမ်းစွာဖြင့် စာဖြေဆိုနေမှုကို လိုက်လံကြည့်ရှုကြည်ညိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးသာသနာရေး ဦးစီးမှူးနှင့် တာဝန်ရှိသူများအား စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များနှင့် သီလရှင်များ စိတ်ချမ်းမြေ့စေရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment