နေပြည်တော်၊ မတ် ၂၆
၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော်၌ လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေး နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ Brilliant Aura Co.,Ltd ၊ Bellarie Production တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထို့နောက် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်အဖြစ် နေပြည်တော်၌ ပါဝင်ဆောင်ရွက်ခဲ့သည်မှာ ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်ပါကြောင်း၊ ယခုနှစ်သည် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို UNSECO က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုပြီးနောက် ပထမဆုံးအကြိမ် ဂုဏ်ပြုကျင်းပမည့် ပွဲတော်ဖြစ်သည့်အတွက် အနှစ်သာရအားဖြင့် လေးနက်သည့် ပွဲတော်တစ်ခုဖြစ်သည်ဟု ဆိုချင်ပါကြောင်း။
ဝန်ကြီးဌာနအလိုက်မဏ္ဍပ်များ အချိန်မီပြီးစီးရေး၊ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းတို့ လုပ်ဆောင်နိုင်ရေး၊ ဖျော်ဖြေရေးအစီအစဉ်များတွင် အလှည့်ကျပါဝင်နိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံတကာမှ ဧည့်သည်များ၊ သံတမန်များ၊ အနုပညာရှင်များ၊ ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များ ပါဝင်ဆင်နွှဲကြမည်ဖြစ်သည့်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ညွှန်းသည့် ရည်မှန်းချက်နှင့် အနှစ်သာရကို မိမိတို့ဝန်ထမ်းများ၊ ပြည်သူများ သိရှိပြီး စည်းကမ်းတကျ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဇုန် ၁ တွင် ဆောင်ရွက်မည့် မြန်မာ့ရိုးရာအတာသင်္ကြန်နှင့် သနပ်ခါးသင်္ကြန်တို့တွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်ပါကြောင်း၊ အနုပညာဦးစီးဌာနအနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် ပူးပေါင်းပါဝင်မည်ဖြစ်သလို နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင်လည်း အားဖြည့်ပါဝင်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးက နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပသည့်ဇုန်၊ ဧရိယာတစ်ခုလုံးစည်းကမ်းထိန်းသိမ်းနိုင်ရေး၊ လုံခြုံရေးနှင့် ခမ်းခမ်းနားနား အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျင်းပရေးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် Brilliant Aura Co.,Ltd မှ ပရောဂျက် ဒါရိုက်တာက နေပြည်တော်လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက နေပြည်တော်လမ်းလျှောက်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန် လျာထားမှု၊ လုံခြုံရေး၊ ရေရရှိရေး၊ ဖျော်ဖြေရေး၊ သန့်ရှင်းရေး၊ ကျန်းမာရေးပိုင်းဆိုင်ရာ၊ စည်းကမ်းထိန်းသိမ်းရေးပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးအပါအဝင် နေပြည်တော်လမ်းလျှောက် သင်္ကြန်တွင် ဝန်ထမ်းများနှင့် ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment