ဟားခါး၊ မတ် ၆
(၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ရရှိသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်း အခမ်းအနား ယမန်နေ့မွန်းလွဲ (၂) နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပသည့် အခမ်းအနားသည် ၂၀၂၄ ခုနှစ်အတွင်း ကဏ္ဍအသီးသီးမှာ ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများကို ချင်းပြည်နယ်၏ နေ့ထူးနေ့မြတ်ဖြစ်သော (၇၇) နှစ်မြောက်ချင်းအမျိုးသားနေ့မှာ နိုင်ငံတော်ကိုယ်စား ဂုဏ်ပြုချီးမြှင့်ပေးသည့် အခမ်းအနားဖြစ်ကြောင်း၊ ယခုနှစ်အတွက် ပေးအပ်ရန် ရွေးချယ်ထားသည့် ဂုဏ်ထူးဆောင်ဆုတံဆိပ်ပေါင်း ( ၁၉၉ ) ခုဖြစ်ပြီး ဆုအားလုံးအတွက် ငွေကျပ် ၄၈၆ သိန်းတိတိ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဝန်ထမ်းများ ဂုဏ်ပြုဆုတံဆိပ် များ ချီးမြှင့်ခြင်းသည် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်အပေါ်မှာ အသိအမှတ်ပြုခြင်း ဖြစ်သကဲ့သို့ အလုပ်ခွင်တွင် ကြိုးစားလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်များ ယခင်ကထက် ပိုမိုထက်သန် လာစေရန်နှင့် အခြားသောဝန်ထမ်းများ၏ စံနမူနာပြ ဝန်ထမ်းကောင်းအဖြစ် ပြသခွင့်ရရှိပြီး အလုပ် တာဝန်ကို တန်ဖိုးထားချစ်မြတ်နိုးစိတ်၊ နိုင်ငံကို ချစ်မြတ်နိုးစိတ်များ ပိုမိုရှင်သန်နိုးကြားလာခြင်းဖြင့် နိုင်ငံတော်အတွက် သစ္စာရှိသော နိုင်ငံတော်က အားကိုးအားထားပြုနိုင်သော၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်ရည်ရွယ် ချက်များဖြင့် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပြီး နောင်နှစ်များတွင်လည်း ဆက်လက်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံချစ်စိတ်၊ မိမိ၏လုပ်ငန်းအပေါ် တန်ဖိုးထားလိုစိတ်၊ ကြိုးစားလိုစိတ်မွေးမြူ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာကဏ္ဍအလိုက် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်း ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၏ အမှုထမ်းကောင်းဆုရရှိသည့် နိုင်ငံ့ဝန်ထမ်း (၄) ဦးအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ အမှု ထမ်းကောင်းဆုရရှိသည့် နိုင်ငံ့ဝန်ထမ်း (၄) ဦးအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု ( တတိယအဆင့်) ရရှိသူ နိုင်ငံ့ဝန်ထမ်း (၄) ဦးအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကလည်းကောင်း၊ စီမံ ခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (တတိယအဆင့်) ရရှိသူ နိုင်ငံ့ဝန်ထမ်း (၃) ဦးအား သယံဇာတရေးရာ ဝန်ကြီး ဦးကျော်ငြိမ်းကလည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (တတိယအဆင့်) ရရှိသူ နိုင်ငံ့ဝန်ထမ်း (၂)ဦးနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်) ရရှိသူ(၁)ဦးတို့အား လူမှုရေးရာ ဝန်ကြီး ဦးဝင်းဇော်ဦးကလည်းကောင်း၊ လူမှုရေးဆိုင်ရာထူးချွန်ဆု (ဒုတိယအဆင့်) ရရှိသည့် နိုင်ငံ့ ဝန်ထမ်း (၃) ဦးအား လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေလင်းအောင်ကလည်းကောင်း၊ လူမှုရေးဆိုင်ရာထူးချွန်ဆု (ဒုတိယအဆင့်) ရရှိသည့် နိုင်ငံ့ဝန်ထမ်း ( ၂ ) ဦးနှင့် ပြည်နယ်ဝန်ကြီးချုပ်၏ ဂုဏ်ပြုလက်မှတ်ရရှိသူ (၁) ဦးတို့အား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း ၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဂုဏ်ပြုလက်မှတ်ရရှိသည့် နိုင်ငံ့ဝန်ထမ်း (၃) ဦးအား ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်ကလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဂုဏ်ပြုလက်မှတ်ရရှိသည့် နိုင်ငံ့ဝန်ထမ်း (၃) ဦးအား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်ဝင်းဌေးကလည်းကောင်း ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်း အနားတက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းရရှိသူများအား အားပေးစကားပြောကြားခဲ့ ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment