တာမွေ၊ မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက “ တာမွေ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်တွေ၊ အခက် အခဲတွေရှိရင် အခုပြုလုပ်သည့် ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်းတင်ပြကြဖို့အတွက် ပထမဦးစွာ ပြောကြားလိုပါ ကြောင်း၊ ထိုကဲ့သို့ တင်ပြမှသာ မိမိတို့အနေနဲ့ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ မကြာမီတွင် မြန်မာနှစ်သစ်ကူး အချိန်အခါကာလသို့ ရောက်ရှိတော့မည်ဖြစ်ရာ တာမွေမြို့နယ်အတွင်း မဟာသင်္ကြန် ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရေကစားမဏ္ဍာပ်ဆောက်လုပ်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် တတ်စွမ်းသမျှ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးကြဖို့ အထူးမှာကြားလိုပါကြောင်း၊ ဒါ့အပြင် မြို့နယ်အတွင်း အစိုးရပါဠိပထမပြန်စာမေးပွဲကိုလည်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ မေလလဆန်းပိုင်းတွင်လည်း တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက်ရှိ ကျိုက္ကဆံအားကစားကွင်း အတွင်း၌ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပြပွဲနှင့် ပြိုင်ပွဲကိုလည်း နေပြည်တော်တွင် ကျင်းပပြုလုပ် ခဲ့သည့်အတိုင်း နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ရုံးဌာနများသာမက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာများ အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေးအတွက်လည်း စဉ်ဆက်မပြတ် ဆောင် ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ မိမိတို့ ရုံးဌာနများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် အထူးဂရုပြု ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်လည်း သတိပြုလိုက်နာဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ သက်ဆိုင် ရာဌာနများအနေဖြင့် ကဏ္ဍအလိုက် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ ဒေသခံ ပြည်သူများအတွက် အကျိုးရှိပြီး ထိရောက်မှုရှိတဲ့လုပ်ငန်းများဖြစ်ဖို့ အဓိကထား ဆောင်ရွက်ကြရန် အထူးအလေးထား မှာကြားလိုပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့ပြီး တက်ရောက်လာကြသော တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင် ရာကဏ္ဍများအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အစည်းအဝေးသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)
https://t.me/MyanmarNationalPost
No comments:
Post a Comment