မုံရွာ၊ မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာ လျှပ်စစ်၊ ဆိုလာနှင့် လေအေးပေးစက် တပ်ဆင်/ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း အမှတ်စဉ်(၉/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (စစ်ကိုင်းဇုန်)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်ထားပါက သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းရရှိကြမည်ဖြစ်သကဲ့သို့ မိမိ၏ကြိုးစားအားထုတ်မှု လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်ပြီး ဝင်ငွေများတိုးတက်လာမည်ဖြစ်ကာ လူနေမှုအဆင့်အတန်းများ မြင့်မားလာမည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသနှင့်ကိုက်ညီမှုရှိသည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာ လျှပ်စစ်၊ ဆိုလာနှင့် လေအေးပေးစက် တပ်ဆင်/ပြု ပြင်ထိန်းသိမ်းခြင်းသင်တန်းသည် မိမိတို့ မုံရွာမြို့ရှိ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းများအတွက် အင်မတန်အကျိုးရှိပြီး ခရီးသွားလုပ်ငန်း၏ပုံရိပ်အား အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးမည့် ပညာရပ်များအား စိတ်ပါဝင်စားစွာဖြင့် အပတ်တကုတ်လေ့လာသင်ယူသွားကြရန် လိုအပ်ပါကြောင်းနှင့် ရှိပြီးသား မိမိတို့၏အရည်အချင်းများအား ယခုသင်တန်းမှ ပညာရပ်များဖြင့်ပေါင်းစပ်၍ မိမိတို့ဘဝတက်လမ်းအတွက် အထောက်အပံ့ကောင်းများဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(စစ်ကိုင်းဇုန်)ဥက္ကဋ္ဌ ဒေါ်သီတာကျော်က ဟိုတယ်ဆိုင်ရာ လျှပ်စစ်၊ ဆိုလာနှင့် လေအေးပေးစက် တပ်ဆင်/ ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးထံ သင်တန်းတွင် အသုံးပြုရန်အတွက် ငွေကျပ် ၂၅၀၀၀၀၀ (နှစ်ဆယ်ငါးသိန်း)ကျပ်အား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ “ဇေယျာရွှေမြေ” တေးသီချင်းနောက်ခံဖြင့် စစ်ကိုင်းတိုင်းဒေသကြီးခရီးစဉ်ဒေသများအား ကြည့်ရှုအားပေးကြပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ဟိုတယ်ဆိုင်ရာ လျှပ်စစ်၊ ဆိုလာနှင့် လေအေးပေးစက် တပ်ဆင်/ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း အမှတ်စဉ်(၉/၂၀၂၅)သို့ သင်တန်းသား၊ သင်တန်းသူ ၃၂ ဦး တက်သွားမည်ဖြစ်ပြီး သင်တန်းကာလရက်သတ္တပတ် ၂ ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment