ဗဟန်း , မတ် ၈
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘဏ်များအသင်းဇမ္ဗူရစ်ရွှေစင်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင်ဦးသန်းထွတ်သိန်းနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောဦးနှင့်တာဝန်ရှိသူများအပါအဝင် စုစုပေါင်း(၈၅)ဦး တက်ရောက်ခဲ့ကြသည်။
ဦးစွာ အဂတ်လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုသည် နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့် ကဏ္ဍအသီးသီးကို ထိခိုက်စေပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ကြီးမားသည့်အဟန့်အတားတစ်ခုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုပုံစံများသည်နည်းပညာများ ထွန်းကားလာသည်နှင့်အမျှပုံစံအမျိုးအမျိုးနှင့်ဖြစ်ပေါ်နေပါကြောင်း၊ အဂတိလိုက်စားမှုကျူးလွန်သူအများစုသည် အဂတိလိုက်စားမှုမှ ရရှိလာသည့် ငွေကြေးနှင့် ပစ္စည်းများကို အသွင်ပြောင်းပြီး ဘဏ်များတွင်အပ်နှံခြင်း၊ လွှဲပြောင်းပေးပို့ခြင်းများလုပ်ဆောင်ကြခြင်းကြောင့် ဘဏ်လုပ်ငန်းများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ဘဏ်လုပ်ငန်းကဏ္ဍအနေဖြင့် တွေ့ကြုံနိုင်သည့် အဂတိလိုက်စားမှုပုံစံများမှာ ချေးငွေလိမ်လည်လျှောက်ထားမှုများတွင် တိကျသေချာစွာစိစစ်မှုမရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ Customer များထံမှ အခကြေးငွေရယူ၍ စာရွက်စာတမ်းများကိုကူညီဆောင်ရွက်ပေးခြင်း၊ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များကိုကျော်လွှားနိုင်ရေးအတွက် အကြံဉာဏ်ပေးခြင်း၊ လုပ်ပိုင်ခွင့်အာဏာရှိသူ သို့မဟုတ် မသမာသောနည်းလမ်းဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များက တရားမဝင်ရရှိလာသည့်ငွေကြေးများကို ငွေဖြူအဖြစ်ပြောင်းလဲရန် တရားဝင်ဆောင်ရွက်နေသည့် ဘဏ်လုပ်ငန်းများတွင် အပ်နှံခြင်း၊ လူပုဂ္ဂိုလ်တစ်ဦး တည်းက ငွေကြေးများကို ခြေရာဖျောက်ရန် ရည်ရွယ်ချက်ဖြင့် ဘဏ်တစ်ခုတွင် ငွေစာရင်းအမှတ်များစွာ ဖွင့်၍လည်းကောင်း၊ အခြားဘဏ်များတွင်လည်း ငွေစာရင်းများဖွင့်၍လည်းကောင်း ငွေကြေးဆိုင်ရာ အစိုးရဝန်ထမ်းများကို မျက်ခြည်ဖြတ်ခြင်းစသည့်ပုံစံများကို တွေ့ရှိရပါကြောင်း၊ ဘဏ်လုပ်ငန်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်ချင်းစီက စတင်သင့်ပါကြောင်း၊ နေ့စဉ်လုပ်ငန်းခွင်အလိုက် အဂတိလိုက်စားနိုင်ခြေများကို သတိပေးနှိုးဆော်ပေးရန်၊ ကျင့်ဝတ်စည်းကမ်းဆိုင်ရာ စံနှုန်းများ မြင့်မားစွာချမှတ်ထားရန်နှင့် လိုက်နာဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ လုပ်ငန်းခွင်တွင် အပြန်အလှန် ထိန်းကျောင်းမှုစနစ်နှင့် ချမှတ်ထားသည့် စည်းမျဉ်းများအပေါ် ပြန်လည်ဆန်းစစ် သုံးသပ်ခြင်းများကိုလည်း ဆောင်ရွက်သင့်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောဦးက အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုသည် အစိုးရကဏ္ဍတွင်တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းတို့နှင့်သာ သက်ဆိုင်သည်ဟု လွဲမှားသည့်အတွေးခေါ်များ ရှိနေကြပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍတွင်လည်း အဂတိလိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများရှိနေနိုင်ကြောင်း၊ ဘဏ်လုပ်ငန်းများတွင် အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှုမြင့်မားသည့်အတွက် စောင့်ကြည့်ထိန်းကျောင်းသည့်စနစ်ခိုင်မာအားကောင်းရန် အရေးကြီးပါကြောင်း၊ သံသယဖြစ်ဖွယ် ငွေလွှဲပြောင်းပေးပို့မှုများနှင့်စပ်လျဉ်း၍ သတင်းပေးပို့ရန်တာဝန်ကိုလည်း အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ဘဏ်လုပ်ငန်းကဏ္ဍမှ တာဝန်ခံဘဏ်ဝန်ထမ်းများအနေဖြင့် အဂတိကင်းရှင်းစွာဖြင့် Customer များကို ဝန်ဆောင်မှုပေးကြရန်လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် မိမိဘဏ်တွင်သာမကဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၏ ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာများကို မိမိကိုယ်တိုင်လိုက်နာရန်လိုအပ်သည့်အပြင် ဘဏ်ဝန်ထမ်းများအားလုံးသိရှိလိုက်နာဆောင်ရွက်ကြရန်နှင့် ထပ်ဆင့်အသိပညာပေး ဖြန့်ဝေပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များကအဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌဒေါ်ခင်စောဦးက ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
အောင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment