နေပြည်တော်, မတ် ၂၂
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ကမ္ဘာ့လူသားအားလုံးအတွက် စားဝတ်နေရေး၊ ကျန်းမာရေး၊ သာယာဝပြောရေးတို့အတွက် မရှိမဖြစ်အရေးပါသည့် သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ကြရန် နှိုးဆော်သည့်အနေဖြင့် နှစ်စဉ် မတ်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ “International Day of Forests” အဖြစ် ကျင်းပခဲ့ရာ ယခုနှစ်ဆောင်ပုဒ်အနေဖြင့် “Forests and Foods”“သစ်တောများနှင့် စားရေရိက္ခာများ”ဖြစ်ပါကြောင်း၊ ကမ္ဘာ့စားရေရိက္ခာဖူလုံရေးအတွက် သစ်တောဂေဟစနစ်များ မြှင့်တင်ထိန်းသိမ်းပေးရန် နှိုးဆော်လျက်ရှိပါကြောင်း၊ ဂေဟစနစ်များ တည်ငြိမ်ကောင်းမွန်ပြီး ရာသီဥတုမျှတကောင်းမွန်မှသာ စိုက်ပျိုးရေးနှင့် စားရေရိက္ခာထုတ်လုပ်ရေးများ အောင်မြင်ဖြစ်ထွန်းမှာဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများက သစ်တောဂေဟစနစ်များကို ပိုမိုအလေးပေး ထိန်းသိမ်းစီမံဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောပြုန်းတီးမှုမရှိစေရေးနှင့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းတိုးတက်လာစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံ၏ အဖိုးတန်သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေးအတွက် မြန်မာ့သစ်တောမူဝါဒနှင့်အညီ သစ်တောများကို စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင် အစရှိသည့် အမြင်မျိုးစုံ၊ ရှုထောင့်မျိုးစုံနှင့် ရှုမြင်ပြီး သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်ရေးကို စနစ်တကျ စီမံဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံအတွင်း သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေး၊ သစ်တောစိုက်ခင်း ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ရေအရင်းအမြစ်များ စဉ်ဆက်မပြတ်အသုံးပြုနိုင်ရေး၊ ရေအရည်အသွေးကောင်းမွန်စေရေး၊ ရေကြီးရေလျှံမှုများကို လျှော့ချကာကွယ်ပေးနိုင်ရေး၊ မြေပြိုခြင်းနှင့် မြေတိုက်စားမှုများ လျှော့ချကာကွယ်ပေးနိုင်ရေးတို့အတွက် ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းများ၊ ဒီရေတော ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများဖွဲ့စည်းခြင်း၊ ဒီရေတောထိန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကိုလည်း ရေတို/ရေရှည် စီမံကိန်းများ ရေးဆွဲပြီး အလေးထား အကောင် အထည်ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်အတွင်းရှိ ဆည်ကြီးများတွင်လည်း ရေဝေ ရေလဲဒေသ ထိန်းသိမ်းရေးအတွက် သစ်တောသစ်ပင်များ စိုက်ပျိုးလျက်ရှိကြောင်း၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး စိုက်ခင်းများတည်ထောင်ခြင်း၊ မြစ်ချောင်းများ ဘေး ဝဲ၊ ယာတစ်လျှောက် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်း၊ အာဆီယံလမ်းမကြီးနှင့် ရထားလမ်း ဘေး ဝဲ၊ ယာ သစ်ပင်စိုက်ပျိုးခြင်း၊ လူတိုင်းသစ်ပင်စိုက်ပျိုးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ခြင်း၊ တောင်ကုန်း၊ တောင်ထိပ်များတွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းခြင်း၊ ကျေးလက်နေပြည်သူများ၏ ထင်းလောင်စာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကျေးရွာထင်းစိုက်ခင်း တစ်ရွာ နှစ်ဧက စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးခြင်း၊ ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံဖြစ်ခဲ့သည့် နေရာဒေသများတွင် သစ်ပင်များစိုက်ပျိုးခြင်းတို့ကို စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အခမ်းအနားကို နိုင်ငံသူနိုင်ငံသားများက သစ်တောများ၏ စားရေရိက္ခာဖူလုံစေခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ခြင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်းတို့အတွက် အရေးပါပုံကို သိမြင်နားလည်လက်ခံပြီး သစ်တောစီမံအုပ်ချုပ်ရေးလုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်လာစေရေးကို ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ထို့နောက် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် Video Clip ကို ဖွင့်လှစ်ပြသခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သစ်တောဦးစီးဌာနမှ ခင်းပြသထားသည့် နံရံကပ်ပြဘုတ်ပိုစတာများအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်
https://t.me/MyanmarNationalPost
No comments:
Post a Comment