လွိုင်ကော်၊ မတ် ၂၆
နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်ယဉ်ကျေးမှုပြတိုက် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ လွိုင်ကော်ဌာနခွဲတွင် ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသားကျောင်းသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လွိုင်ကော်ယဉ်ကျေးမှု ပြတိုက်သည် ပြည်နယ်၏ ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ ကယားမျိုးနွယ်စု တိုင်းရင်းသားများ၏ ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ စာပေအထောက်အထားများနှင့် ပြည်နယ်၏ သမိုင်းမှတ်တမ်းများကို စုံလင်စွာခင်းကျင်းပြသထားသည့် ပြည်နယ်၏တစ်ခုတည်းသော ယဉ်ကျေးမှု ပြတိုက်ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး အများပြည်သူ လေ့လာအားကိုးစံပြုနိုင်ရေးနှင့် မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းပေးနိုင်ရေးအတွက် ပြတိုက်ကြီးရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် လူမှုရေးရာဝန်ကြီးတို့က လွိုင်ကော်ယဉ်ကျေးမှုပြတိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပန်းပွားအကအဖွဲ့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့နှင့် တိုင်းရင်းသားအကအဖွဲ့တို့မှ သရုပ်ပြဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယဉ်ကျေးမှုပြတိုက်ဝန်ထမ်းများနှင့် တိုင်းရင်းသားအက အဖွဲ့တို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့အားလည်းကောင်း၊ လူမှုရေးရာဝန်ကြီးက ပန်းပွားအက အဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း ပေးအပ်ရာ သက်ဆိုင်ရာကိုယ်စားလှယ်များက အသီးသီးလက်ခံရယူခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်ယဉ်ကျေးမှုပြတိုက်၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး ယဉ်ကျေးမှုပြတိုက်အတွင်း ကယားမျိုးနွယ်စု (၉)မျိုးတို့၏ ရိုးရာနေအိမ်များနှင့် မျိုးနွယ်စုအလိုက် ဝတ်ဆင်သည့် အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ရိုးရာလက်နက်ကိရိယာများ၊ ရိုးရာတူရိယာပစ္စည်းများ၊ မင်္ဂလာဖားစည်နှင့် ပန်းချီကားများ ခင်းကျင်းပြသထားမှုအားလည်းကောင်း၊ စာကြည့်တိုက်အတွင်း သုတ၊ ရသ စာအုပ်စာစောင်များ၊ ကယားပြည်နယ်သမိုင်းမှတ်တမ်း အထောက်အထား စာအုပ်စာတမ်းများ ခင်းကျင်းပြသထားရှိမှုနှင့် စာဖတ်ခန်းအတွင်း ကလေးငယ်များ စာပေလေ့လာဖတ်ရှုနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ ပြန့်ပွားရေးအတွက် အခမ်းအနား တက်ရောက်လာသည့် တိုင်းရင်းသားလူငယ်များ၊ ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများက သနပ်ခါးသရုပ်ဖော်ပြပွဲအား ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။
ယခုဖွင့်လှစ်သည့် လွိုင်ကော်ယဉ်ကျေးမှုပြတိုက်သည် ယခင်လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာသော ပြည်နယ်၏ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ပျက်စီး၊ ပျောက်ဆုံး ခြင်းသာမက ယဉ်ကျေးမှုပြတိုက်အဆောက်အအုံလည်း ထိခိုက်ပျက်စီးခဲ့ပါသည်။ ယဉ်ကျေးမှု အမွေအနှစ်သည် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ အဖိုးအနဂ္ဃထိုက်တန်သည့် ရတနာဖြစ်ပြီး ကိုယ်ပိုင်အနုပညာများ၊ ယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော၊ မပျက်စီးစေရန်နှင့် မျိုးဆက်သစ် တိုင်းရင်းသားလူငယ်များ လေ့လာစရာနေရာတစ်ခုဖြစ်စေရန် ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေများ ဖြင့် ထိခိုက်ပျက်စီးမှုများအား အမြန်ဆုံးပြန်လည်ပြုပြင်၍ ယခုကဲ့သို့ စည်စည်ကားကားဖြင့် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment