မြန်မာ့ကော်ဖီကို အရည်အသွေးမြင့်ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်တင်ပို့နိုင်ပါက ကမ္ဘာ့ဈေးကွက်တွင် နေရာရလာနိုင် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြန်မာ့ကော်ဖီကို အရည်အသွေးမြင့်ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်တင်ပို့နိုင်ပါက ကမ္ဘာ့ဈေးကွက်တွင် နေရာရလာနိုင်

028

နေပြည်တော်၊ မတ် ၉

သစ်သီးအခြေခံ စားသောက်ကုန်နှင့် ဝိုင်၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ကော်ဖီထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သုတေသနဌာနခွဲ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နေပြည်တော်ရှိ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့်တက်ရောက်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ MSME Agency မှ တာဝန်ရှိသူများ၊ စားသောက်ကုန်ထုတ်လုပ်သည့် တတ်သိပညာရှင်များ၊ MSME လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဒေသထွက်သစ်သီးများမှ ထုတ်လုပ်သော ဝိုင်အမျိုးမျိုးကိုလည်း မိရိုးဖလာစနစ်မှ ခေတ်မီနည်းပညာများကိုအသုံးပြု၍ အဆင့်မြှင့်ပြောင်းလဲထုတ်လုပ်မည်ဆိုပါက နိုင်ငံတကာဈေးကွက်အသစ်များရရှိနိုင်ပြီး ဒေသထွက်ဝိုင်လုပ်ငန်းအား ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း။

နို့ကိုအခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းများအား အရည်အသွေးမြင့်မားစွာ ထုတ်လုပ်နိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီ ထုပ်ပိုးမှုစနစ်အမျိုးမျိုးဖြင့် ဆန်းသစ်လှပစွာထုတ်လုပ်နိုင်ရန် အကြံဉာဏ်များ၊ နည်းပညာများနှင့် ဝိုင်းဝန်းပံ့ပိုးပူးပေါင်းဆောင်ရွက်လျှင် ပြည်ပဈေးကွက်သို့ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကြိုက်နှစ်သက်သော မြန်မာ့ကော်ဖီအား အနံ့၊ အရသာ၊ အရောင်အသွေး၊ ထုပ်ပိုးမှုဒီဇိုင်းတို့ ကောင်းမွန်ပြည့်စုံစွာဖြင့် အရည်အသွေးမြင့် ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်တင်ပို့မည်ဆိုပါက မြန်မာ့ကော်ဖီဈေးကွက် ခိုင်ခိုင်မာမာရပ်တည်နိုင်လျက် ကမ္ဘာ့ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့်နေရာရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အေးသာယာဝိုင်ထုတ်လုပ်သည့်လုပ်ငန်းရှင်၊ မြန်မာနိုင်ငံစားသောက်ကုန်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးစွမ်းဆောင်ရှင်များကွန်ရက်နှင့် ကော်ဖီလုပ်ငန်းရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များနှင့် မရှင်းလင်းသည့်အချက်များကိုမေးမြန်းရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ဖြေကြားကာ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ တတိယအကြိမ် ဒသမပုံမှန်အစည်းအဝေး (၁/၂၀၂၅) ကို နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက် အမှာစကားပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကောင်စီ၏လုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် လိုအပ်သည်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် ကောင်စီအတွင်းရေးမှူးက ကျင်းပခဲ့ပြီးသော ပုံမှန်အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးလေးခု၏ ဆုံးဖြတ်ခဲ့ပြီးသော ဆုံးဖြတ်ချက်များကို တင်ပြအတည်ပြုချက်ရယူခြင်း၊ တွဲဖက်အတွင်းရေးမှူး-၂ က ကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကောင်စီဘဏ္ဍာရေးမှူးက ဘဏ္ဍာရေးအခြေအနေများ၊ ရှင်းလင်းတင်ပြခြင်းများဆောင်ရွက်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages