နေပြည်တော်၊ မတ် ၁၆
နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) ရှိ နဝင်းချောင်းတံတား ပေ ၁၉၀ အား နှစ်လမ်းသွားတံတားမှ လေးလမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့က အဆိုပါတံတား၌ ကျင်းပသည်။
ဖွင့်ပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်း ထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရဲမိုးနှင့် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်တို့က မင်္ဂလာအချိန်တွင် နဝင်းချောင်းတံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်တို့က နဝင်းချောင်းတံတား အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းအထိမ်းအမှတ် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေး သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် အခမ်းအနား တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်၍ တိုးချဲ့တည်ဆောက်ထားသည့် တံတားအသစ်ကြီးပေါ်မှ ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါ နဝင်းချောင်းတံတားသည် မူလက နှစ်လမ်းသွားတံတားသာဖြစ်ပြီး နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်မှုဖြင့် နှစ်လမ်းသွားအဆင့်မှ လေးလမ်းသွားအဆင့်သို့ တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၆) မှ တာဝန်ယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ရာဂီ မုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါတံတား၏ ကမ်းကပ်ခုံများ ရေတိုက်စားပျက်စီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် ယာယီဘေလီတံတားထိုး၍ ဆောင်ရွက်ခဲ့သည်။
ယခုအခါ အခိုင်အမာတံတားအဖြစ် အသွား/ အပြန် လေးလမ်းသွား တိုးချဲ့တည်ဆောက်ခြင်းနှင့် တစ်ဆက်တည်း တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ထပ်မံရေတိုက်စားမှု မရှိစေရေးအတွက် တံတား၏ Up Stream နှင့် Down Stream တို့တွင် ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် Gabion Box ကမ်းထိမ်းနံရံများ ပြုလုပ်ခြင်း၊ ရေလမ်းကြောင်း ဖြောင့်ခြင်းနှင့် မြစ်ကမ်းနံရံများကို ကျောက်ကြီးစီမြေထိန်းနံရံ ပြုလုပ်ဆောင်ရွက်ခြင်းတို့ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားရှိပြီး ဖြစ်သည်။
ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသော နဝင်းချောင်းတံတားနှင့် ကင်းသာလမ်းဆုံကြား ဆက်စပ်သည့် လမ်းအပိုင်းကိုလည်း ယာဉ်များ အန္တရာယ်ကင်းရှင်း စွာသွားလာနိုင်ရန် လမ်းပခုံးများတိုးချဲ့ခြင်း၊ မြေထိန်းနံရံအနိမ့် (Toll Wall) များပြုလုပ်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေစီးမြောင်းများ၊ ရေထုတ်ပြွန်များလည်း သတ်မှတ်လိုအပ်ချက်များနှင့်အညီ တည်ဆောက်ထားပြီး ဖြစ်သည်။
ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသည် အာဆီယံဟိုင်းဝေးလမ်းမကြီး (AH-1) အပိုင်းတွင် ပါဝင်သောကြောင့် ယာဉ်သွားလာမှုများပြားသည့်အတွက် နဝင်းချောင်းတံတားအား လက်ရှိနှစ်လမ်း သွားအဆင့်မှ လေးလမ်းသွားအဆင့်သို့ တိုးချဲ့တည်ဆောက်ပေးသကဲ့သို့ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၏ လမ်းအကျယ်ကိုလည်း လေးလမ်းသွားအဆင့်မှ ခြောက်လမ်းသွားအဆင့်အထိ တိုးမြှင့်နိုင်ရန်အတွက် အကြိုလုပ်ငန်းများအနေဖြင့် လမ်းတာပေါင် အကျယ်ပေ ၉၀ ရရှိအောင် တိုးချဲ့ခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် လမ်းဘေး ဝဲ/ယာ တွင် သစ်ပင်များ စနစ်တကျ စိုက်ပျိုးခြင်းတို့ကို စီမံချက်ချဆောင်ရွက်လျက်ရှိသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့သည် ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေးတို့အတွက် ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ B.O.T ကုမ္ပဏီများနှင့် ပူးပေါင်း၍ လမ်း၊ တံတားများကို အင်္ဂါရပ်နှင့် ကိုက်ညီအောင် ကြပ်မတ်ဆောင်ရွက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း လုပ်ငန်းများကို အရည်အသွေး ပြည့်မီစွာဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment