နေပြည်တော်၊ မတ် ၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန်ရုံး ဝန်ထမ်းမိသားစုများအား ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်း တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စိန့်ပီတာစဘတ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်း မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ရောက်ရှိကြရာ ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်း မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များက စန့်ပီတာစဘတ်ကောင်စစ်ဝန်ချုပ်ရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာ ရည်များပက်ဖျန်းပေးကြပြီး ကောင်စစ်ဝန်ချုပ်ရုံးအတွင်း လိုက်လံကြည်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် စိန့်ပီတာစဘတ်မြို့တွင် သင်တန်း တက်ရောက်နေကြသည့် သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားသည်။
ဦးစွာ မြန်မာကောင်စစ်ဝန်ချုပ်က ကောင်စစ်ဝန်ချုပ်ရုံးဆိုင်ရာအချက် အလက် များ၊ ဝန်ထမ်းများတာဝန်ထမ်းဆောင်မှု၊ သင်တန်းသားများ သင်တန်းတက်ရောက် လျက် ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များမေးမြန်း၍ လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် စိန့်ပီတာစဘတ်မြို့သို့ စတုတ္ထ အကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး စိန့်ပီတာစဘတ်မြို့၏ အချက်အခြာကျမှုနှင့် အရေးပါမှုများ၊ သမိုင်းအစဉ်အလာများရှိသည်ကိုသိရှိခဲ့ရကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့်စိန့်ပီတာ စဘတ်မြို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်ရန်အတွက် ယခင်ကတည်းက ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စိန့်ပီတာစဘတ်မြို့တွင် စက်ရုံအလုပ်ရုံများ များစွာ ရှိပြီး သယ်ယူပို့ဆောင်ရေးအတွက်လည်း အချက်အခြာကျသည်ကိုတွေ့ရကြောင်း။
အလားတူ ပညာသင်ကြားရေးတွင်လည်း ကောင်းမွန်မှုရှိသည်ကိုတွေ့ရ ကြောင်း၊ စိန့်ပီတာစဘတ်မြို့သည် မိမိတို့နိုင်ငံနှင့်ဆက်သွယ်ဆောင်ရွက်ရန် ကောင်း မွန်သည့် မြို့တစ်မြို့ရှိကြောင်း၊ ယခုအခါ မန္တလေးမြို့မှနေ၍ ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်မြို့နှင့် လေကြောင်းလိုင်းများ တိုက်ရိုက်ပြေးဆွဲပျံသန်းလျက်ရှိကြောင်း၊ ယခုစိန့်ပီတာစဘတ် မြို့နှင့်လည်း လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံနှင့်ပတ်သက်၍ မိမိတို့အနေဖြင့်ဆောင်ရွက်ရန်ကိစ္စရပ်များ ကိုလည်း အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ကြရန်လို ကြောင်း၊ ကောင်စစ်ဝန်ချုပ်ရုံးမိသားစုများအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် မိမိတို့ နိုင်ငံအကျိုးအတွက် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အရေးကြီးသည့် တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်ရှိမှု များမရှိစေရေးနှင့် အချိန်မီပြီးစီးစေရေး Check Recheck၊ Counter Check များ ပြုလုပ် နေရန်လိုကြောင်း၊ နိုင်ငံအတွက် အကျိုးရှိနိုင်သည့်ကိစ္စရပ်များ၊ အကျိုးမပြု နိုင်သည့် ကိစ္စရပ်များကို ခွဲခြား၍ ဆက်လက်တင်ပြဆောင်ရွက်နိုင်ရန်လိုကြောင်း။
မိမိတို့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဆက်ဆံမှုများကောင်းမွန်တိုးတက် အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ၌ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်လူမှု ရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်း များကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရန်လိုကြောင်း၊ ခရီးလမ်းအရဝေးကွာသည့် နေရာတွင် တည်ရှိခြင်းကြောင့် တွက်ခြေကိုက်သည့် ထုတ်ကုန်များတင်ပို့နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆက်သွယ်မှုများ ကောင်းမွန်မြန်ဆန်ရေးဆောင်ရွက်ကြရန် လိုကြောင်း။
မိမိတို့နိုင်ငံတွင်ကုန်ကြမ်းများကို အဓိကထားထုတ်လုပ်ပြီး CMP အထည်ချုပ် လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ရာဘာကုန်ကြမ်းများ လည်းထွက်ရှိကြောင်း၊ ရာဘာကုန်ကြမ်းများနှင့် ရာဘာထွက်ကုန်များကို တင်ပို့နိုင် ကြောင်း၊ အလားတူ ဆန်၊ ကော်ဖီ၊ လက်ဖက်နှင့် အခြားစိုက်ပျိုးမွေးမြူရေးထွက် ကုန်များကိုလည်း တင်ပို့နိုင်သကဲ့သို့ သစ်တောထွက်ပစ္စည်းများကိုလည်း တင်ပို့နိုင် ကြောင်း၊ မိမိတို့နိုင်ငံမှ ထုန်ကုန်များ စိန့်ပီတာစဘတ်မြို့သို့ တင်ပို့နိုင်ရေး ဈေးကွက် ရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း။
စိန့်ပီတာစဘတ်မြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးဝါး များကောင်းမွန်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆေးများထုတ်လုပ်လျက်ရှိသော်လည်း ဆေးရုံများ၌အသုံးပြုသည့် ကင်ဆာကုသဆေးများနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် အဆိုပါကင်ဆာကုသဆေးအား ထုတ်လုပ် နိုင်ရေး နည်းပညာများပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နှင့်ပတ်သက်၍ ကုသမှုအတွေ့အကြုံများ ရရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ သိပ္ပံနှင့် နည်းပညာရပ်များနှင့် ပတ်သက်၍ စိန့်ပီတာစဘတ်မြို့ရှိ တက္ကသိုလ်များတွင် မြန်မာပညာတော်သင်များ တက်ရောက်နိုင်ရေး ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ရုရှားနိုင်ငံသည် အားကစားနှင့် ပတ်သက်၍လည်း ထိပ်တန်းတွင်ရှိကြောင်း၊ ထို့ကြောင့် မြန်မာ့အားကစားမြှင့် တင်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်သွားရန်လိုကြောင်း။
စိန့်ပီတာစဘတ်မြို့ရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင်ကျောင်းသားများ စနစ်တကျပညာသင်ကြားနိုင်ရေး နှင့် အခြားလိုအပ်သည့် ကိစ္စရပ်များကို ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ သင်တန်းကာလနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် ပညာများ သင်ယူရာတွင်လည်း အလေးထားသင်ယူသွားကြရန်လိုကြောင်း။
ကောင်စစ်ဝန်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်ဝန်ထမ်းများ အနေ ဖြင့်လည်း ရုရှားဘာသာစကားနှင့် ပတ်သက်၍လည်း လေ့လာဆောင်ရွက်သွားမည် ဆိုပါက အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ အချိန်များကို အကျိုးရှိစွာဖြင့် အသုံးချသွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က မြန်မာကောင်စစ်ဝန်ချုပ်ရုံး မိသားစုများနှင့် သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment