မိုးနဲ၊ မတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူများအနေဖြင့် ယခုကာလတွင် ဒေသနေပြည်သူများ အများအပြားဝယ်ယူသော ဂေါ်ဖီထုပ်များ ခူးဆွတ်ရောင်းချနိုင်နေပြီဖြစ်သဖြင့် ဈေးကောင်းရရှိနေကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ယခုကာလတွင် စီးပွားဖြစ် ကြက်သွန်ဖြူ၊ ပဲပုပ်၊ မုန်ညှင်း၊ နေကြာ၊ ပန်းနှမ်းများ စိုက်ပျိုးထားကြပြီး တစ်နိုင်တစ်ပိုင် ဟင်းစားအဖြစ်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်လည်းကောင်း၊ မီးဖိုဆောင်အသုံးစရိတ်လျှော့ချနိုင်သော ဂေါ်ဖီထုပ်၊ မုန်လာဉ၊ နံနံ၊ ခရမ်းချဉ်၊ ခရမ်းညို၊ ငရုတ်၊ သခွား၊ မုန်ညှင်းဖြူ၊ ကိုက်လန်နှင့် အခြားသီးပင်စားပင်များကို စိုက်ပျိုးထားကြပြီး ယခုကာလတွင် ကာလပေါက်ဈေး အရွယ်အစားအလိုက် အနိမ့်ဆုံးဈေးနူန်းအနေဖြင့် အသေးတစ်လုံးလျှင် ကျပ် တစ်ထောင်အထက်ရရှိနေသော ဂေါ်ဖီထုပ်များ စိုက်ပျိုးထားကြသည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဂေါ်ဖီထုပ်များ စိုက်ပျိုးကြရာတွင် ဘောင်စနစ်ဖြင့် အတန်းလိုက် စိုက်ပျိုးထားကြပြီး အထုပ်များ အရွယ်အစားနှင့် အသားကျစ်လစ်မှုရှိစေရေးအတွက် မစိုက်ပျိုးမီ နွားချေးကို ဖျန့်ကျဲပြီး ရေနှပ်ပေးခြင်း၊ လသားအရွယ်တွင် ပိုးသတ်ဆေးကို ပက်ဖျန်းပေးခြင်း၊ ထို့နောက် ပုလဲကို ရေဖျော်ကာ ပက်ဖျန်းပေးခြင်းကို ဆောင်ရွက်ပြီး အရွယ်ရောက်လျှင် ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်ကြောင်းနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများအနေဖြင့် အပင်အရေအတွက်အပေါ်နှင့် အထုပ်အရေအတွက်ပေါ်မှုတည်ကာ အမြတ်များများ ရရှိနိုင်ကြောင်း စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။
မိုးနဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့်လည်း မိမိအိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင်သီးပင်များ စိုက်ပျိုးခြင်းဖြင့်လည်း မီးဖိုဆောင်အသုံးစရိတ်လျှော့ချနိုင်သည့်အပြင် လတ်ဆတ်သော အသီးအနှံများ စားသုံးနိုင်ကြောင်း သိရသည်။
ဇင်ကိုကို
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment