ညောင်ရွှေ , မတ် ၁၁
ကျောင်းသားလူငယ်လေးများ နွေရာသီကျောင်းအားရက်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ စာပေ၊ ပန်းချီ၊ ဂီတ၊ အားကစားအစရှိသည့် မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်သင်ယူနိုင်စေရန် ပေါင်းသင်းဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန်အတွက် နွေရာသီအင်္ဂလိပ်စကားပြောသင်တန်းနှင့် အခြေခံဂီတာတီသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က သင်တန်းများ ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ဖွင့်ပွဲအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များသည် အင်္ဂလိပ်စကားပြောသင်တန်း သင်ကြားပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ရွှေတောင်ဦးစုမ့်မိန်းဓမ္မစေတီ သာသနာ့ဗိမာန်၌လည်းကောင်း၊ ဂီတသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် အိုးစည်တီးသင်တန်းများဖွင့်ပွဲကို အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းရုံး၌လည်းကောင်း၊ အားကစားသင်တန်းများဖွင့်ပွဲကို အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားရုံ၌လည်းကောင်း အသီးသီးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယခုနှစ်နွေရာသီကျောင်းအားရက်များတွင် ကျောင်းသားလူငယ်လေးများအတွက် အင်္ဂလိပ်စကားပြောသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ဂီတာတီးသင်တန်း၊ ပန်းချီသင်တန်း၊ ဘောလုံး၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ စာပွဲတင်တင်းနစ်၊ အေရိုးဗစ်၊ ကွန်ပျူတာ၊ အိုးစည်တီးသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ
https://t.me/MyanmarNationalPost
No comments:
Post a Comment