ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် စပါး ၉၂၁၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ လျာထားစိုက်ဧကပြည့်မီရေး တောင်သူများ ဆက်လက်ကြိုးပမ်းစိုက်ပျိုးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် စပါး ၉၂၁၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ လျာထားစိုက်ဧကပြည့်မီရေး တောင်သူများ ဆက်လက်ကြိုးပမ်းစိုက်ပျိုးလျက်ရှိ





ပွင့်ဖြူ၊ မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက ဆန်စပါးစားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မဲဇလီရေလွှဲဆည်ရေဖြင့် မတ်လဆန်းကစပြီး နွေစပါးများကိုကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့ထိ ၉၂၁၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ လျာထားစိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ တောင်သူဦးကြီးများ နွေစပါးနှင့် အခြားနွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ယခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကစပြီး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများကို နွေစပါးစိုက်ပျိုးမည့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက် ဧရိယာအတွင်းရှိ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျဖြန့်ဝေပေးထားသဖြင့် ဒေသခံတောင်သူများက ဆည်ရေရရှိသည့်အချိန်မှစတင်၍ မိမိတို့၏လယ်ယာမြေများကို နွေစပါးနှင့်အခြားနွေသီးနှံ လျာထားဧကပြည့်မီအောင် စိုက်ပျိုးသွားနိုင်ရန်ကြိုတင်၍ ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ပြီး မတ်လဆန်းတွင် နွေစပါးသီးနှံကို စတင်စိုက်ပျိုးလုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။ 

"ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆန်းစပါးသီးနှံ စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေဖို့၊ သီးနှံအထွက်နှုန်းများတိုးတက်စေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ရည်ရွယ်ပြီး နွေစပါးသီးနှံ စိုက်ဧက သုံးသောင်းကျော် လျာထားစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ထိ ဧကကိုးထောင်ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားစိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူတွေနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်။ နောက်ပြီး စပါးစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး တောင်သူတွေကို ပန်းတိုင်အထွက်နှုန်းများရရှိအောင် ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊  စိုက်နည်းစနစ်မှန်ကန်ရေး၊ စိုက်ပင်အရေအတွက်ပြည့်မီရေး၊ မြေဩဇာနှင့်သဘာဝပိုးသတ်ဆေးများ ကိုယ်တိုင်ပြုလုပ်သုံးစွဲနည်းများ စတဲ့ တောင်သူအသိပညာပေးလုပ်ငန်းတွေကို အခြားဆက်စပ်ဌာနတွေနဲ့ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးနေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်  မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါး ၃၃၂၃၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ ယနေ့အထိ ၉၂၁၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊  ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် စပါးမျိုးများမှာ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ချမ်းမြေ့မေ၊ ဆာဖိုးသာ၊ ပခန်းရွှေဝါ၊ ထိုင်းနှံကောက်၊ GW-11 စပါးမျိုးနှင့် ရက် ၁၀၀ စပါးမျိုးတို့ကို အားထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )        

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)