ပွင့်ဖြူ၊ မတ် ၁၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မုန်းဇလဲကျေးရွာ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီမီးဘေးရှောင်စခန်းသို့ သွားရောက်၍ မီးဘေးသင့်ပြည်သူ ၁၄၄၅ ဦးအား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ မီးဘေးသင့်ပြည်သူများ၏ တင်ပြချက်များအပေါ် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က မုန်းဇလဲကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု ၃၇၂ စု ၊ လူဦးရေ ၁၄၄၅ ဦးတို့အတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ထောက်ပံ့ငွေ ၊ ဆန် ၊ ဆီ ၊ ကုလားပဲ ၊ အဝတ်အထည်ကယ်ဆယ်ရေးပစ္စည်းများနှင့် သောက်ရေသန့်ဗူးကြီးများကို မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ပြီး ကျေးရွာတွင်း မီးလောင်ပျက်စီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် မုန်းဇလဲကျေးရွာ ရတနာမဂ္ဂင်မိုးကုတ်ဓမ္မရိပ်သာ (မြောင်းဘောင်) ကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် ဦးပညာသီရိအား ဦးခိုက်ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ၌ မတ် ၁၂ ရက်နေ့က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၄၅၀၊ အိမ်ထောင်စု ၄၇၀ ရှိသည့်အနက် အိမ်ခြေ ၃၆၀ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၃၇၂ စု၊ လူဦးရေ ၁၄၄၅ ဦး မီးဘေးဒဏ်သင့်ခဲ့ကာ ဌာနဆိုင်ရာတာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတွင် ယာယီမီးဘေးရှောင်စခန်းဖွင့်လှစ်ထားရှိပြီး လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ဒေသတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များက မိမိတို့ တတ်အားသရွေ့ အလှူငွေများ၊ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို လာရောက်ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )
https://t.me/MyanmarNationalPost
No comments:
Post a Comment