နေပြည်တော်၊ မတ် ၂၆
နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ကုန်းမြို့နယ် ရွှေဥဒေါင်း- ရွေးစုကျေးရွာ ချင်းဆက်လမ်းနှင့် ရွှေဥဒေါင်းကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားများကို ယမန်နေ့က အဆိုပါလမ်းဖွင့်ပွဲနေရာများ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်အတွင်းရှိ တပ်ကုန်းမြို့နှင့် ပုဗ္ဗသီရိမြို့ ဆက်သွယ်သောလမ်းမှ ရွှေဥဒေါင်း-ရွေးစု ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိပြီး ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လမ်းကို ဖြတ်သန်းကြည့်ရှုကြသည်။
ထို့နောက် တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိပြီး ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကျေးရွာတွင်းလမ်းများကို လှည့်လည်ကြည့်ရှုကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့ဖွင့်လှစ်ပေးခဲ့သည့် ရွှေဥဒေါင်း - ရွေးစု ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသည် မူလအမျိုးအစားအမာခံကျောက်လမ်း လမ်းအရှည်ပေ ၅၈၀၀ ကျော်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၂၀၂ သန်းဖြင့် အရှည်ပေ ၂၇၀၀ ကျော်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အဆိုပါလမ်းဆောင်ရွက်ပေးနိုင်မှုကြောင့် ကျေးရွာနှစ်ရွာ၊ အိမ်ခြေ ၉၁၂ အိမ်၊ လူဦးရေ ၄၀၅၄ ဦး၊ လယ်ဧက ၁၂၀၀ ကျော်တို့ကို တိုက်ရိုက်အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း။
ထို့အတူ ယနေ့ဖွင့်လှစ်သည့် ရှားတောကျေးရွာအုပ်စု ရွှေဥဒေါင်းကျေးရွာ ကွန်ကရစ်လမ်းသစ် အရှည် ၁၂၇၁ ပေကို ပြည်ထောင်စုရန်ပုံငွေကျပ် ၅၄ ဒသမ ၃ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျေးရွာများ၏ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ ဒေသခံပြည်သူများအနေဖြင့်လည်း ပျက်စီးမှုမရှိစေရေး၊ ရေရှည်အကျိုးခံစားခွင့်ရရှိစေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တပ်ကုန်းမြို့ မဟာဇနက္ကစာသင်တိုက်ဓမ္မာရုံ၌ ကျင်းပသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနား တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြပြီး လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်၍ လုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တပ်ကုန်းမြို့ မဟာဇနက္ကစာသင်တိုက် ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တပ်ကုန်းမြို့ “လှ” ချည်မျှင် ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်နှင့် ဝါသိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု၊ ကုမ္ပဏီအလိုက်တင်သွင်းမည့် မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များ၊ နိုင်ငံတကာဈေးနှုန်းအခြေအနေများ၊ မြေဩဇာဈေးနှုန်းများနှင့် ဝယ်ယူဖြန့်ဖြူးရောင်းချအသုံးပြုမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment