စစ်တွေ , မတ် ၂၆
ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးအဖွဲ့)အား ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူ့ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးအဖွဲ့)ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်အဆင့်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ရခိုင်ပြည်နယ်တွင် ပြည်နယ်အဆင့် ပြည်သူ့ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ အလားတူ ရခိုင်ပြည်နယ်အတွင်း ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ရပ်ကွက်အဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့များကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ စစ်တွေမြို့ပေါ်လုံခြုံရေးအဖွဲ့အား ဖွဲ့စည်းခဲ့ပြီး သင်တန်းများလည်း ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်ကြောင်း၊ မြို့ပေါ်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လမ်းကြောင်းလုံခြုံရေး၊ အခမ်းအနားကျင်းပသည့် နေရာများလုံခြုံရေးကိစ္စများကို ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လှည့်ကင်း၊ ပတ်ကင်းစသည့်ကိစ္စများ ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြို့ပေါ်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စရိတ်နှင့်ချီးမြှင့်ငွေများကို လစဉ်ချီးမြှင့်ပေးအပ်လျက်ရှိသကဲ့သို့ တခြားသောရိက္ခာများကိုလည်း ထုတ်ပေးလျက်ရှိကြောင်း၊ ထို့ပြင်ထပ်မံဝင်ရောက်လာသော အဖွဲ့ဝင်များကိုလည်း သင်တန်းများ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပေါ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စတင်ဖွဲ့စည်းစဉ်မှ ယနေ့အထိ တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့သဖြင့် ယခုကဲ့သို့ ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်းနှင့် လုပ်ဖော်ကိုင်ဖက်များကိုလည်း မြို့ပေါ်လုံခြုံရေးအင်အား ပြည့်မီရေးအတွက် စည်းရုံးဆောင်ရွက်သွားကြရန်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြို့ပေါ်လုံခြုံရေးအဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများအားလည်းကောင်း၊ ပြည်နယ်အဆင့်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့ဝင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဆီနှင့်စားသောက်ဖွယ်ရာများအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြရာ တပ်ဖွဲ့ဝင်များက လက်ခံရယူကြသည်။ ယင်းနောက် တပ်ဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စားအုန်းဆီများဝယ်ယူရန်ရောက်ရှိလာကြသော ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး စားအုန်းဆီများရောင်းချပေးနေမှုကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စားအုန်းဆီများအား ချိန်တွယ်နေမှုနှင့် သိုလှောင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးပင်ကြီးရပ်ကွက်အတွင်းဈေးဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကုန်ပစ္စည်းများရောက်ရှိမှု အခြေအနေနှင့် ရောင်းချနေမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။
တင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment