နေပြည်တော်၊ မတ် ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံ တပ်ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီအစိုးရအနေဖြင့် ထပ်မံ၍ နိုင်ငံတော်၏ အာဏာကို ဥပဒေနှင့်မညီဘဲ အတင်းအဓမ္မရယူရန် သိသာစွာ လုပ်ဆောင် လာခဲ့သောကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံတော်၏ အာဏာသုံးရပ်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ထိန်းသိမ်းခဲ့ရမှု ၊ တပ်မတော်မှ စတင်တာဝန်ထမ်း ဆောင်စဉ် အစောပိုင်းကာလများ၌ ဆူပူဆန္ဒပြမှုများသာရှိခဲ့ရာမှ နောက်ပိုင်းတွင် လက်မှတ်ရေးထိုးပြီးသော အချို့သောလက်နက်ကိုင်အဖွဲ့အစည်းအချို့သည် ကျန်ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပူးပေါင်း၍ တပ်မတော်အား နှောင့်ယှက်တိုက်ခိုက် လာခြင်း၊ ပြည်ပမှသွေးထိုးမြှောက်ပင့်မှုများကြောင့်လည်း အကြမ်းဖက်အဖွဲ့အစည်း များ ပေါ်ပေါက်လာကာ နိုင်ငံအတွင်းလုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုမရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသည့် ပြည်တွင်းပြည်ပမှ အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံတော်၏အဓိက ကာကွယ်ရေးအင်အားစု ဖြစ်သည့် တပ်မတော် ပြိုကွဲရေးနှင့် တပ်နှင့်ပြည်သူ သွေးကွဲအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ် ထားကာ လုံခြုံရေးနှင့်တည်ငြိမ်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များအား ဦးစွာ ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြောကြားရာတွင် တပ်မတော်သားများအနေဖြင့် မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ထမ်းဆောင်လိုသည့် စိတ်ဆန္ဒများဖြင့် တပ်မတော်အတွင်းသို့ ဝင်ရောက် အမှုထမ်းခဲ့ကြသူများပီပီ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် ပေးအပ်လာသည့်မည့်သည့် တာဝန်ဝတ္တရားများကိုမဆို ကျေပွန်စွာ ထမ်းဆောင် သွားကြရန်နှင့် တွေ့ကြုံရသည့် အခက်အခဲများကိုလည်း ကြံ့ကြံ့ခံ တွန်းလှန်သွားရန် လိုကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင် ထမ်းဆောင်ချိန်ကတည်းကပင် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်၍ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်ပြီးမြောက်ရန် ကျင်းပနိုင်ရေးပင်ဖြစ်ပြီး လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အပါအဝင်လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံများသို့ နိုင်ငံတော်အဆင့်(Official State Visit)ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် ခရီးစဉ်များတွင်လည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအား ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(သို့မဟုတ်)၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောဆုံး ကျင်းပသွားရန်စီစဉ်ထားကြောင်းကို ကမ္ဘာသိချပြဆွေးနွေးခဲ့ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နောက်ဆုံးအချက်ဖြစ်သည့် “ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများနစ်နာမှု မရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှု ရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာ သည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ကို ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များမဲဆွယ်စည်းရုံးမှုများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်နှင့် လွတ်လပ် ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီးနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသဖြင့် မိမိတို့ တပ်မတော်သားများအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ယင်းသို့ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးပါက ရွေးချယ်ခံကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသည့် လွှတ်တော်၊ နိုင်ငံတော်သမ္မတ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ စသည်ဖြင့် အဆင့်ဆင့်သော အစိုးရတစ်ရပ်ဖွဲ့စည်း နိုင်မည်ဖြစ်ပြီး ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်၏ အာဏာကြီး ၃ ရပ်အား လွှဲပြောင်းပေးနိုင် မည်ဖြစ်ကြောင်း။
ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်နှင့်နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်၌ အင်အားတောင့် တင်းရန် လိုကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြဋ္ဌာန်းထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ စတင်အာဏာတည်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်း ထားရှိပြီး သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကိုသာ ဥပဒေနှင့်အညီ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးကာ ခန့်အပ်တာဝန်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အချို့သော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းမရှိသည့်အတွက် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေနှင့်မညီသော မလိုလားအပ်သည့် ငွေကြေး မသမာမှု များကြောင့် စုဆောင်းခံရသည့် ပြည်သူ့စစ်မှုထမ်းအချို့၌ အခက်အခဲ အကြပ်အတည်း ဖြစ်ပေါ်လာကာ အဆိုပါနိစ္စဒူဝ ပြဿနာကိုလည်း ဖြေရှင်းနေရကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်သားများအနေဖြင့် ပြည်သူ့စစ်မှုထမ်းနှင့် ပတ်သက်၍အဆင့်ဆင့် သော ဆင့်ခေါ်ရေးအဖွဲ့များ၏ မှားယွင်းသော လုပ်ဆောင်မှုများ တွေ့ရှိပါက သက်ဆိုင် ရာသို့ အချိန်နှင့်တပြေးညီ အသိပေး တင်ပြဆောင်ရွက်ပေးကြရန်လိုကြောင်း။
အုပ်ချုပ်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ အချို့သော ဒေသများတွင် သွားလာ မှုကန့်သတ်ချက်များရှိသည့်အတွက် အဆိုပါဒေသရှိ တပ်ရင်း/တပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ စားရေး၊ ဝတ်ရေး၊ နေရေး၊ သွားလာရေးနှင့် ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများ၌ အနည်းနှင့်အများဆိုသလို အခက်အခဲများရှိနိုင်သည့် အတွက် တာဝန်ရှိသူများအနေဖြင့် မြက်ခြေမပြတ် ကြည့်ရှုပြီး အချိန်မီ ဖြည့်ဆည်း ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ၎င်းအပြင် သက်ဆိုင်ရာကွပ်ကဲအုပ်ချုပ် သည့် တပ်မှူးများအနေဖြင့်လည်း မိမိတပ်ရင်း/တပ်ဖွဲ့ရှိ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များကို တပ်မှူးကောင်း စိတ်ဓာတ်ဖြင့် ညီညွတ်မျှတစွာ အုပ်ချုပ်ကွပ်ကဲကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ အုပ်ချုပ်မှုနှင့် သက်သာချောင်ချိမှု များ အားကောင်းပါက စိတ်ဓာတ်သည်လည်း အလိုလိုအားကောင်း လာမည်ဖြစ် ကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်အဆင့်အတန်းအားလုံးကို အဆင့်အလိုက် လျော်ညီသည့် ရပိုင်ခွင့်များ၊ ခံစားခွင့်များ ပေးထားပြီးဖြစ်ကြောင်း၊ ရသင့် ရထိုက် သည်များ မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့် ဝဝရရှိအောင် ကြပ်မတ်ကွပ်ကဲခြင်းဖြင့် သက်သာချောင်ချိရေးကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။
တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့်ပတ်သက်၍ တပ်တွင်း/တပ်ပြင် စည်းလုံး ညီညွတ်မှုသည် အရေးကြီးကြောင်း၊ နိုင်ငံကိုဖျက်ဆီးလိုသူများသည် နိုင်ငံတော်၏ အဓိကထောက်တိုင်ဖြစ်သော တပ်မတော်ကို ဖြိုခွဲရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည့်အတွက် တပ်မတော်သားနှင့် မိသားစုဝင်များအနေဖြင့် တပ်တွင်းစည်းလုံး ညီညွတ်ရေးကို ရေပက်မဝင်သော စည်းလုံးညီညွတ်မှုဖြင့် ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ကြရန်နှင့် စစ်သည်တော်ကျင့်ဝတ်အပါး ၆၀ ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ ကျင့်ကြံနေထိုင်သွားရန် လိုကြောင်း။
တပ်မတော်သားများ၏ လုပ်ငန်းသဘော သဘာဝအရ ခက်ခဲကြမ်းတမ်း၍ ပင်ပန်းဆင်းရဲသော ရည်မှန်းချက်တာဝန်များ ထမ်းဆောင်နေရသူများဖြစ်၍ အမြဲ ကိုယ်ခန္ဓာကျန်းမာသန်စွမ်း၍ လိုအပ်သလို စိတ်ဓာတ်ကလည်း ကြံ့ခိုင်နေရမည် ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားတစ်ဦး ချင်းသည် မည်မျှပင် နိုင်ငံတော်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ချင်သည် ဖြစ်ပါစေ ကိုယ်ခန္ဓာကျန်းမာရေးနှင့် စိတ်ဓာတ် ကြံ့ခိုင်မှု ချို့ယွင်းချက်ရှိမည်ဆိုပါက မည်သို့မျှ ပေးအပ်လာသည့် တာဝန်ဝတ္တရားများ မှန်သမျှအား အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မည် မဟုတ်သည့်အတွက် ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ကြံ့ခိုင်မှု ကောင်းမွန်ရန် အထူးပင်အရေးကြီးကြောင်း၊ သို့ဖြစ်၍ စနစ်တကျနေထိုင် စားသောက်သွားခြင်းနှင့် တစ်ကိုယ်ရည်လေ့ကျင့်ခန်းများ၊ စုပေါင်းလေ့ကျင့်ခန်းများဖြင့် ဆောင်ရွက်ကြရန်လည်း လိုကြောင်းဖြင့် ပြောကြားပြီးအရာရှိ၊ စစ်သည်၊ ရဲမေများ၏ တစ်ဦးချင်းစီ၏ တင်ပြချက်များအပေါ် လိုအပ်သည် များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ် က မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်တော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များအတွင်း DYL ဝက်၊ ဥစားကြက်နှင့် အသားတိုးကြက်များ မွေးမြူ ထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားသည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် ကလောမြို့ရှိ ဆုတောင်းပြည့်နှီးဘုရားသို့ သွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီးများထွန်းညှိပူဇော်ကာ ရွှေသင်္ကန်းများကပ်လှူဖူးမြော်ကြည်ညိုခဲ့ကြပြီး ကျောင်းထိုင် ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment