ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဖွံ့ဖြိုး တိုးတက်ရေးအတွက်ရေးဆွဲထားသည့် Development Plan ကို ခေတ်စနစ်နှင့်အညီ ကောင်းမွန်စေရန် ရေးဆွဲသင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဖွံ့ဖြိုး တိုးတက်ရေးအတွက်ရေးဆွဲထားသည့် Development Plan ကို ခေတ်စနစ်နှင့်အညီ ကောင်းမွန်စေရန် ရေးဆွဲသင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

012

နေပြည်တော်၊ မတ် ၁

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent)နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော် ရုံးအမှတ်- ၃ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ- ၁ ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရခိုင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက် (Conditions Precedent) ကိစ္စရပ်များနှင့် သက်ဆိုင်သည့်ဌာနများမှ တာဝန်ရှိသူများ၊ CITIC Consortium Myanmar Port Investment Limited မှ ဥက္ကဋ္ဌ Mr. Liang Chuanxin နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်း ဆောလျင်စွာစတင်နိုင်ရေးအတွက် မြန်မာနိုင်ငံဘက်နှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းဖွံ့ဖြိုး တိုးတက်ရေးအတွက်ရေးဆွဲထားသည့် Development Plan ကို ခေတ်စနစ်နှင့်အညီ ကောင်းမွန်စေရန် ရေးဆွဲသင့်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာနိုင်ငံအတွက် အရေးကြီးသကဲ့သို့ တရုတ်နိုင်ငံအတွက်လည်း မဟာဗျူဟာကျသည့် မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင်စေနိုင်မည်ဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းများသတ်မှတ်ကာလအတွင်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးအတွက် လိုအပ်သည့်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရေးနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို Timeline ချမှတ်၍ ကြိုးစားဆောင်ရွက်နေကြောင်း ပြောကြားသည်။

ထို့နောက် CITIC Consortium Myanmar Port Investment Limited မှ တာဝန်ရှိသူများက နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent)နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြကြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent)အနက် EIA/SIA ဆိုင်ရာကိစ္စရပ်များနှင့် Development Plan တို့နှင့်စပ်လျဉ်းသည်များကိုတင်ပြခဲ့ရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို မွန်းလွဲ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages