ပူတာအို၊ မတ် ၂၄
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနကကြီးမှူး၍ ပညာရေးဒီပလိုမာမရရှိသေးသည့် ဆရာ/ ဆရာမများအတွက် ဆရာအတတ်ပညာ အရည်အသွေးပိုမိုပြည့်ဝသည့် ဆရာ/မများအား မွေးထုတ်ပေးရန်၊ အခြေခံပညာကဏ္ဍရှိ အခြေခံပညာကျောင်းများတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သင်ကြားရေးစွမ်းရည်မြှင့်မားသော မူလတန်းပြ၊ အလယ်တန်းပြ ဆရာ/ဆရာမများဖြစ်လာစေရေး လေ့ကျင့်သင်ကြားပေးရန်နှင့် ဆရာ/ဆရာမများ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာရရှိစေရန်ရည်ရွယ်ဖွင့်လှစ်သည့် ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာ Dip.EP (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် (၂၄) ရက် နံနက် (၁၀) နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းက သင်တန်းနည်းပြများအနေဖြင့် မိမိ၏ အသိပညာများကို သင်တန်းသား ဆရာ/ဆရာမများအပေါ် ကြိုးစားဖြန့်ဝေသင်ကြားပေးရန် တိုက်တွန်းလိုပါကြောင်း၊ ဆရာ/ဆရာမများ၏ အရည်အသွေး၊ သင်ကြားမှုစွမ်းရည်မြင့်မားမှသာ ပူတာအိုခရိုင်၏ ပညာရေးပိုမိုတိုးတက်လာမှာဖြစ်ကြောင်း၊ ကလေးများနှင့် မိမိဒေသ၏ ပညာရေးတိုးတက်မြင့်မားလာရန် ဆရာ/ဆရာမများ၏ အခန်းကဏ္ဍလည်း အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်နေသည့်အတွက် ပူတာအိုဒေသပညာရေးမြင့်မားလာရန် ဝိုင်းဝန်းကူညီပြီးဦးစားပေးဆောင်ရွက်ကြရန် မှာကြားလိုကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်က သင်တန်းဆိုင်ရာလုပ်ငန်းများကိုရှင်းလင်းတင် ပြပြီး သင်တန်းနည်းပြ ဆရာကြီး ဆရာမကြီးများက တစ်ဦးချင်းမိတ်ဆက်ကြသည်။အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ လက်ထောက်မူပြနှင့် ဒု-မူပြများမှ ဒီပလိုမာမရသေးသော ဆရာ/ဆရာမများ သင်တန်းသား သင်တန်းသူစုစုပေါင်း (၃၂၀) ဦးတို့အား သင်တန်းနည်းပြများက မတ် (၂၄) ရက်မှ မေ (၃၀) ရက်နေ့အထိ သင်တန်းကာလနှစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန် (ပူတာအို)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment