မော်လမြိုင်၊ မတ် ၁၉
(၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် ယမန်နေ့ ညနေပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် မော်လမြိုင်လေဆိပ်သို့ ရောက်ရှိကြရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းရင်းသားရိုးရာအဖွဲ့များက နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ သမိန်ဗရမ်း(ဘက်စုံသုံးကွင်း)၌ ကျင်းပသည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ MSME ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်းပြခန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်းဆိုင်များ ခင်းကျင်းပြသမှု ရည်ရွယ်ချက်၊ ပြည်နယ်အတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ ပြခန်းဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့်အဖွဲ့သည် မွန်ပြည်နယ်နေ့အထိမ်းအမှတ် မျိုးစေ့ချကိရိယာ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မြို့နယ်အလိုက် တောင်သူများထံသို့ မျိုးစေ့ချကိရိယာများ ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့်အဖွဲ့သည် မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ၊ MSME ဒေသထွက်ကုန်နှင့် တိုင်းရင်းသားရိုးရာအစားအစာ အရောင်းပြခန်းများ ခင်းကျင်းပြသရောင်းချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါပြခန်းများကို မွန်ပြည်နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များကို တိုင်းရင်းသားပြည်သူများ လေ့လာသိရှိနိုင်စေရန်နှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာအစားအစာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ခင်းကျင်းပြသခြင်းဖြစ်ပြီး လယ်ယာကဏ္ဍကြီးပြခန်းကိုးခန်း၊ စက်မှုကဏ္ဍကြီးပြခန်း ၁၀ ခန်း၊ ဝန်ဆောင်မှု ကဏ္ဍကြီးပြခန်းကိုးခန်း၊ ပညာရေးပြခန်းခုနစ်ခန်း၊ ကျန်းမာရေးပြခန်းရှစ်ခန်း၊ အသေးစား၊ အငယ်စား၊ အလတ်စားထုတ်ကုန် အရောင်းပြခန်း ၂၁ ခန်းအပြင် မြန်မာ့သနပ်ခါးကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ပြခန်းကိုလည်း ထည့်သွင်းပြသထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment