ရန်ကုန်၊ မတ် ၂၇
ပညာရေး၀န်ကြီးဌာနနှင့်မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော National ICT Awards 2024 (Educational Project & Skills Competition) ဆုချီးမြှင့်ပွဲနှင့် ပရောဂျက်များ ခင်းကျင်းပြသပွဲကို ယမန်နေ့နံနက်ပိုင်းက လှိုင်တက္ကသိုလ်နယ်မြေ Conference Hall, MICT Park ၊ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အမှာစကားပြောကြားရာတွင် ယနေ့ကာလမှာ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ ပြောင်းလဲတိုးတက်မှုဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ကျန်းမာရေး၊ အုပ်ချုပ်ရေး စသော နယ်ပယ်အသီးသီးမှာ ဖွံ့ဖြိုးတိုးတက်စေရုံသာမက လူတစ်ဦးချင်းစီရဲ့ လူနေမှုဘဝ အရည်အသွေး(Quality of qLife)ကိုလည်း တိုးတက်ပြောင်းလဲစေတာကို တွေ့ရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးဟာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပေါ်မှာ တည်မှီနေတယ်ဆိုတာ အားလုံးလက်ခံထားကြပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ် ရရှိစေဖို့ သင်ကြားရေးကဏ္ဍမှာ ICT နည်းပညာကို အပြည့်အဝအသုံးချနိုင်ဖို့ အရေးကြီးပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးကို (အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဆရာ၊ ဆရာမများ၏ အရည်အသွေးသည် အဓိက အရေးကြီးပါကြောင်း၊ ပညာရေးကဏ္ဍမှာ ICT နည်းပညာများ အပြည့်အဝအသုံးချရန်၊ ICTနယ်ပယ်မှာ ထူးချွန် ထက်မြက်သောပညာရှင်များ ပေါ်ပေါက်လာစေရန်၊ ICT နည်းပညာကို လေ့လာလိုက်စား ကြတဲ့ ကျောင်းသားလူငယ်များထဲမှာ တီထွင်ဖန်တီးခြင်းများ ပိုမိုတိုးတက်လာစေရန်၊ သင်ကြားရေးအထောက်အကူပြု Educational Learning Content များ ထွက်ပေါ်လာစေရန်၊ နိုင်ငံအတွင်းနေရာဒေသအသီးသီး၌ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကျဉ်းမြောင်း စေပြီး အသုံးချနယ်ပယ်ကျယ်ပြန့်လာစေရန် ရည်ရွယ်ပြီးအခုလို National ICT Award (Educational Project and Skills Competition) ပြိုင်ပွဲတွေကို ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်း၍ နှစ်စဉ်ကျင်းပနေတာဖြစ်ပါကြောင်းတို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နာယကဦးသိန်းဦး ကမုဒိတာစကားပြောကြားပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက်ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်းက ကျေးဇူးတင်စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ National ICT Awards 2024 (Educational Project &Skills Competition) ပြိုင်ပွဲအတွက် ပေးအပ်သော ငွေကျပ်သိန်း ၅ဝ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်ကပေးအပ်ရာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူက လက်ခံ ရယူခဲ့သည်။
ယင်းနောက် National ICT Awards 2024 (Educational Project and Skills Competition) ပြိုင်ပွဲပထမဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့မှ တာဝန်ရှိများက ဆုများအသီးသီးချီးမြှင့်ကြပြီး အခမ်းအနား တက်ရောက်လာကြသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော ဆုရပရောဂျက်များနှင့် ကုမ္ပဏီပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် လူ့စွမ်းအားအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဦးငြိမ်းဦးက National ICT Awards ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးNational ICT Awards 2024 (Educational Project and Skills Competition) ပြိုင်ပွဲဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသူများအား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများကဆုများချီးမြှင့်ကြသည်။
ယင်းနောက် National ICT Awards 2024 (Educational Project and Skills Competition) ပြိုင်ပွဲဆုရွေးချယ်ရေးအတွက် အကဲဖြတ်ပေးခဲ့ကြသည့် ပညာရှင်များ၊ ပြိုင်ပွဲနှင့် ဆုပေးပွဲ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးပေးသူများအား မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ကြသည်။
ထိုနောက် National ICT Awards 2024 (Educational Project and Skills Competition) ပြိုင်ပွဲအလယ်တန်းအဆင့် ပထမဆုရကျောင်းသားတစ်ဦးမှ ဆုရရှိသူများ ကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment