နေပြည်တော်၊ မတ် ၂၇
ယနေ့ ဖြူး- တောင်ငူလမ်းပိုင်း လုံခြုံရေးစစ်ဆေးသည့် RGC-125 သည် ညောင်ခြေထောက် ဘူတာမှ နံနက် ၇ နာရီ ၃၆ မိနစ် ထွက်ခွာလာပြီး ညောင်ခြေထောက်နှင့် ကျွဲပွဲ ဘူတာအကြား မိုင် ၁၄၄/၁၀-၁၁ ခန့်အရောက် နံနက် ၇ နာရီ ၅၀ မိနစ်တွင် သံလမ်းအနောက်ဘက် ရန်ကုန်-မန္တလေး ကားလမ်းဘက်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်သဖြင့် RGC 125 စက်ခေါင်း၏ အနောက်ဖက်မှန် တစ်ချပ်ကွဲပြီး အနောက်ဖက်သံဘောင်တွင် ကျဉ်ထိမှန်ခဲ့ကြောင်းနှင့် အဆိုပါပစ်ခတ်မှုကြောင့် စက်ခေါင်းမောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်မှု မရှိကြောင်းသတင်းရရှိသည်။
ထို့အတူ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ဘူတာနှင့် ကျွဲပွဲဘူတာအကြား၊ မိုင်တိုင် အမှတ် ၁၄၄/၁၀-၁၁ နေရာရှိ အဆန်ရထားလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အဆန်ရထားလမ်း ထိခိုက်ပျက်စီးခဲ့ကြောင်းသတင်းအရ ညောင်ခြေထောက်ဘူတာနှင့် ကျွဲပွဲ ရထားလမ်းပိုင်းအား ဧကလမ်းစနစ်အသုံးပြု၍ အစုန်လမ်းမှ နံနက် ၉ နာရီ ၁၈ မိနစ်အချိန်တွင် ရထားများအားဖြတ်သန်းခွင့်ပြုထားကြောင်း သတင်းရရှိသည်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မိုင်းခွဲခံရမှု ကြောင့် အဆန်လမ်းရှိ အနောက်ဘက်သံလမ်း(၁၀)ပေခန့် တွန့်ခေါက်သွားပြီး လမ်းခင်းကျောက်နှင့် ကွန်ကရစ်ဇလီဖားတုံးအချို့ပျက်စီးခဲ့သည်။
မြန်မာ့မီးရထား ဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆန်လမ်း၏ သံလမ်းအား လဲလှယ်ခြင်း၊ လမ်းပြုပြင်ခြင်းများကို ညနေ ၆ နာရီအချိန် အပြီးဆောင်ရွက်နိုင်ခဲ့ပြီး အဆန်ရထားလမ်းပိုင်းအားပြန်လည်ဖွင့်လှစ်၍ ရထားများ ပုံမှန်အတိုင်းပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၀)ကြိမ်၊ ရထားတံတား/သံလမ်းများအားမိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း(၁၇၅)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၆) ကြိမ် ကျူးလွန်ခဲ့ကြသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထား လမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွား ပြည်သူများအနေဖြင့် ရထားဖြင့် ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက် အန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ် ကြိမ် ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီး သွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေးနှင့် ရထားပို့ဆောင်ရေးစနစ် အဆင့် မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထားစီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment