ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

002


နေပြည်တော်၊ ၂၀၂၅ ဧပြီ ၂ ရက်

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်   အင်အားပြင်းမြေငလျင်  လှုပ်ရှားမှုကြောင့်   လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများသို့   ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ် ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ အချိန်နှင့် တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက် နှင့်  တာဝန်ရှိသူများသည် မန္တလေးမြို့ Sky Villa မှ အသက်ရှင်လျက် ကယ်ဆယ် လွတ်မြောက်လာသည့် မြေးအဖွား ၃ ဦးအား သွားရောက်တွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ အားပေးစကားပြောကြားပြီး အဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တိုင်းမှူးတို့သည် တာဝန်ရှိ သူများသည် နန်းမြို့အတွင်းရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သော နန်းမြို့ ဆုတောင်းပြည့်စေတီရှိ ဂန္ဓကုဋီတိုက်နှင့် အာရုံခံတန်ဆောင်း၊ မြနန်းစံကျော် ရွှေနန်းတော်၏ အရှေ့ဘက် အဝင်လမ်းရှိ စွယ်တော်စင်နှင့်ဗဟိုရ်စင်၊ နန်းမြို့ရိုး တို့အား အပျက်အစီး ရှင်းလင်းဖယ်ရှား၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် လုပ်ဆောင်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ မန္တလေးတက္ကသိုလ်၌ ငလျင်ဒဏ်ကြောင့် မီးလောင်ပြိုကျ ပျက်စီးခဲ့သည့် အဆောက်အဦ အပျက်အစီးများ ဖယ်ရှား ရှင်းလင်းနေမှုအခြေအနေအား သွားရောက်ကြည့်ရှုပြီး ဖယ်ရှားရှင်းလင်းရေး ဆောင်ရွက်နေသည့် အဖွဲ့များအား လိုက်လံအားပေး စကားပြောကြားခဲ့သည်။


ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့်အဖွဲ့သည့် မန္တလေးမြို့ မန္တလာသီရီ အားကစားကွင်းတွင် ယာယီဆေးရုံဖွင့်လှစ်၍ ငလျင်ဒဏ်သင့်ပြည်သူ များအား ရုရှားနိုင်ငံ၊ ဆေးအကူအညီပေးရေးအဖွဲ့က ဆေးကုသပေးရန် ပြင်ဆင်ဆောင် ရွက်ထားရှိမှုနှင့် ဆေးကုသပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု အားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့်အဖွဲ့သည့် တံတားဦး လေဆိပ်သို့ သွားရောက်၍ အိန္ဒိယနိုင်ငံမှ ပေးပို့လှူဒါန်းသော ငလျင်ဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများအား သွားရောက်ကြည့်ရှုကာ ကျေးဇူးတင်စကားပြောကြားပြီး လာရောက်ပေးပို့လှူဒါန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြ သည်။

ဆက်လက်၍ မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်တို့ရောက်ရှိပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့မစိုးရိမ်တိုက် သစ်မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော် ၊ အဂ္ဂမဟာပဏ္ဍိတ ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ  မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဌာဘိဝံသ အားဖူးမြော်၍ ဩဝါဒများခံယူကာ ဆရာတော်၊ သံဃာတော်များအတွက် အိန္ဒိယ နိုင်ငံအစိုးရက ပေးပို့လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများအား အိန္ဒိယနိုင်ငံသံရုံး အဖွဲ့၊ ဒုတိယအကြီးအကဲ Mr.Ashish Sharama၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Sundeep Kaushal နှင့် တာဝန် ရှိသူများက  ပေးအပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ညနေပိုင်းတွင် မန္တလေးမြို့ နန်းမြို့ရိုး အနောက်ဘက်သို့ သွားရောက်၍ ဆည်ရှည်တံတား၏ထိပ် လမ်း ၈၀ ဘေးတွင် ငလျင်ဒဏ်သင့် ပြည်သူများ ယာယီနေထိုင်မှု အဆင်ပြေစေရန်ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်မှ ရွက်ဖျင်တဲများ ဆောက်လုပ်ပေးနေသည့် နေရာအား လည်းကောင်း၊ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သည့် Golden City ဟိုတယ်တွင် နိုင်ငံတကာရှာဖွေ ကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများအား  လည်းကောင်း၊ ချမ်းမြသာစည် လေယာဉ်ကွင်းအဟောင်းရှိ  ယာယီဆေးကုသဆောင်တွင် အိန္ဒိယနိုင်ငံ ဆေးအကူအညီ ပေးရေးအဖွဲ့မှ ဆေးကုသပေးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆေးကုသပေးနေမှု များအား လည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက် နှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော သမိုင်းဝင် ရွှေဆံတော် စေတီတော်မြတ်ကြီးနှင့် သမိုင်းဝင် မဟာအောင်မြေရှိ ကောင်းမှုတော် စေတီတော် မြတ်ကြီးတို့၌ လူ/ယာဉ်/စက်ယန္တရားကြီးများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်းကောင်း၊ တောင်ငူမြို့ရှိ ခပေါင်းတံတား ပျက်စီးမှု အခြေအနေများနှင့် ရန်ကုန်- မန္တလေးအမြန်လမ်း ၁၆၅ မိုင်ရှိ ဆွာချောင်း တံတားပျက်စီးမှုအခြေအနေများနှင့် တံတားပြန်လည်ပြုပြင်နေမှု အခြေအနေများကို လည်းကောင်း၊  ဖြူးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဖြူးမြို့၊ အထွေထွေ ရောဂါကုဆေးရုံကြီးနှင့် ဖြူးမြို့ ဘူတာရုံ၊ ရန်ကုန်-မန္တလေး အမြန်းလမ်း(လမ်းဟောင်း)၊ ၁၂၇ မိုင် ၅ ဖာလုံရှိ ပျက်စီးသွားသော တံတားများ ပြန်လည်ပြင်ဆင်နေမှု၊ ရန်ကုန်- မန္တလေး အမြန်လမ်း ၁၁၄ မိုင်ရှိ ဖြူးချောင်းတံတားပြန်လည် ပြုပြင်နေမှုနှင့် အုတ်တွင်းမြို့ ဘူတာရုံ၌ ရထားသံလမ်းများ ပျက်စီးနေမှုအခြေအနေများအား လည်းကောင်း  သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့ရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့်နေရာ များ၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီး၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေရာများ၌လည်းကောင်း ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေရာများ၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း  ငလျင်ဒဏ် ကြောင့် ပျက်စီးခဲ့သည့် နေရာများ၌ လည်း ကောင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူများအား ဆေးကုသ ရေးလုပ်ငန်း များ ဆောင်ရွက်ပေးကြသည်။

ယင်းသို့  ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအလိုက် ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့သည့် စေတီပုထိုးများ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံ တက်ရောက် ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပြည်သူများကလည်း ငလျင် ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ငလျင်ဒဏ်သင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရေးအတွက် အစားအသောက် များ ချက်ပြုတ်၍ ထမင်း၊ ဟင်းများ လှူဒါန်းခြင်း၊ သောက်ရေသန့်နှင့် အသုံးအဆောင် ပစ္စည်းများလှူဒါန်းခြင်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းတို့ကိုလည်း ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarEarthquake

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages