နေပြည်တော်၊ ဧပြီ ၆
မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်နှင့် နောက်ဆက်တွဲငလျင်များ ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံသို့ အရေးပေါ် ကူညီကယ်ဆယ် ရေး လုပ်ငန်းများလာရောက်လုပ်ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြီးမြောက် သဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ထိုင်းနိုင်ငံ အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်ကောင်စီ ရုံး၊ ဇဗ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ကျေးဇူးတင်ဂုဏ်ပြုအမှာစကား ပြောကြား သည်။
အခမ်းအနားသို့ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တက်ရောက်လာကြသူများသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အလွန်ပြင်း ထန်သည့်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးမှု များအတွက် စာနာနားလည်မှုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်စွာ ရပ်တန့်၍ ဦးညွှတ်ဂါရဝပြုကြသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ကျေးဇူးတင် ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဒေသများတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာ စကေးအဆင့်ရှိ အလွန် ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ လှုပ်ခတ်ခဲ့သည့် နေရာအနေဖြင့် မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာတွင် ဗဟိုပြုပြီး မြေအောက် ၁၀ ကီလိုမီတာ အနက်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းငလျင်နှင့်ဆက်စပ်၍ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု များအနေဖြင့် ယနေ့အထိ ၇၉ ကြိမ်လှုပ်ခတ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအနေဖြင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် နေပြည် တော်တို့တွင် ပျက်စီးမှုများ များပြားခဲ့ပြီး လက်ရှိအချိန်အထိ စာရင်းများအရ ၃၄၅၅ ဦး သေဆုံးကြောင်းနှင့် ၄၈၄၀ ဦး ဒဏ်ရာရရှိပြီ ၂၁၄ ဦးပျောက်ဆုံးနေကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် အရေးပေါ်အခြေအနေသတ်မှတ်၍ နိုင်ငံတကာသို့ အကူအညီ ပေးရေး ဖိတ်ခေါ်မှုများကို မတ် ၂၈ ရက် ညပိုင်းတွင် နိုင်ငံပိုင်ရုပ်သံများမှ တဆင့် ထုတ်လွှင့်ပြောကြားခဲ့ကြောင်း။
ပြည်ထောင်စုနယ်မြေအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ၆၅၂ ဦး သေဆုံးခဲ့ပြီး ၈၅၃ ဦး ဒဏ်ရာရ၍ ၉ ဦးပျောက်ဆုံးခဲ့ကြောင်း၊ အဆောက်အဦပြို ကျမှုအနေဖြင့် လူနေအိမ် ၉၀၂ အိမ်၊ ဘုန်းတော်ကြီးကျောင်း ၂၀၆ ကျောင်း၊ စာသင် ကျောင်း ၃၉ ကျောင်း၊ ဌာနဆိုင်ရာ ၁၉ ခု၊ တံတား ၁ စင်း၊ ဘုရားစေတီ ၂၉၃ ခုနှင့် အခြားအဆောက်အဦ ပြိုကျမှု ၂၇၅ လုံးတို့ ထိခိုက်ပျက်စီးခဲ့သည်ဟု စာရင်းဇယားများအရ ကနဦးသိရှိရကြောင်း၊ ထိုသို့ဖြစ်ပေါ်ခဲ့သည့်အတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော် အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် မတ် ၃၁ ရက်မှ ဧပြီ ၆ ရက်အထိ ၇ ရက်ကို သတ်မှတ်ကြေညာထားပြီး ထိုရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက် လျှော့ချ၍ လွှင့်ထူကြရန် ကြေညာခဲ့ပြီးဖြစ်ကြောင်း။
ထိုင်းနိုင်ငံအနေဖြင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ် ခပ်ကျောင်ဆပ် ပူဖိုတောင် ဦးစီးသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၅၅ ဦး၊ ထိုင်းသံရုံးမှ တာဝန်ရှိသူ ၅ ဦး စုစုပေါင်း ၆၀ ဦးနှင့်အတူ အထောက်အကူပြုပစ္စည်းများ စုစုပေါင်း ၄၉၉၀ ကီလိုဂရမ် ပါဝင်သော C-130 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၃၆ နာရီအတွင်း ဆဋ္ဌမမြောက် ဆိုက်ရောက် ကူညီပေးခဲ့ သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ ထို့ပြင် မတ် ၃၀ ရက်တွင် လေယာဉ် ၂ စီး ဖြင့် အစားအသောက်နှင့် အထွေထွေသုံးပစ္စည်း စုစုပေါင်း ၄၃၇၂ ကီလိုဂရမ်၊ ဧပြီ ၁ ရက် တွင် လေယာဉ် ၂ စီးဖြင့် အစားအသောက်နှင့် အထွေထွေသုံး ပစ္စည်း ၂၂၄၀၀ ကီလိုဂရမ်၊ ဧပြီ ၃ ရက်တွင် အစားအသောက်နှင့် အထွေထွေသုံးပစ္စည်း ၄၇၀၀ ကီလိုဂရမ် စုစုပေါင်း လေယာဉ် ၅ ခေါက်ဖြင့် အစားအသောက်နှင့် အထွေထွေသုံး ပစ္စည်း ၃၆၄၆၂ ကီလိုဂရမ်ကို ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ နိုင်ငံအလိုက် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်မှုအနေဖြင့် ယနေ့အထိ နိုင်ငံပေါင်း ၂၆ နိုင်ငံမှ လာရောက်ကူညီမှုများတွင် ထိုင်းနိုင်ငံအနေဖြင့် အရေးပေါ်ကူညီထောက်ပံ့ပြီးနောက်ပိုင်း ၃၆ နာရီအတွင်း လာရောက် ကူညီပေးသည့် အိမ်နီးချင်းကောင်းနိုင်ငံဖြစ်ကြောင်း၊ ထို့အတွက်လည်း မြန်မာနိုင်ငံအနေ ဖြင့် အထူးမှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ အဆိုပါ ထိုင်းနိုင်ငံ ကူညီကယ်ဆယ်ရေး အဖွဲ့သည် မတ် ၃၀ ရက် နံနက် ၁၁ နာရီ တွင် နေပြည်တော်သို့ရောက်ရှိခဲ့ပြီး ထိုနေ့ညနေ ၃ နာရီမှစ၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော အန္တရာယ်ရှိအဆောက်အဦ များ၏ အောက်ခြေ၌ ပိတ်မိနေသူများ၏အသက်ကို ကယ်ဆယ်နိုင်ရေးအတွက် အဆင့်မြင့် စက်ကိရိယာများဖြင့် စမ်းသပ်ရှာဖွေ ကယ်ဆယ်မှုများကို မတ် ၃၁ ရက် နံနက် ၄ နာရီ အထိ အစွမ်းကုန်ကြိုးပမ်းရှာဖွေ ကယ်ဆယ်ခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။
ထို့ပြင် အရေးပေါ်ဆေးကုသရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဖယ်နူဝပ် ဦးဆောင် သော ၁၈ ဦးအဖွဲ့သည် ဇဗ္ဗူသီရိအထူးကုဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး ဆေးရုံအုပ်ကြီး နှင့်တွေ့ဆုံကာ လူနာများနှင့်ပတ်သက်၍ အရေးပေါ်ဆေးကုသရေးဆိုင်ရာ လိုအပ်ချက် များကို တွေ့ဆုံဆွေးနွေး၍ ဒဏ်ရာရလူနာများကို လိုက်လံကြည့်ရှုအားပေးခြင်း၊ မတ် ၃၁ ရက်တွင် ပြိုကျပျက်စီးလျက်ရှိသော အဆောက်အဦများ၌ ရှာဖွေကယ်ဆယ်ရေးများ ထပ်မံကြိုးစားဆောင်ရွက်ခဲ့မှုများအတွက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ အဆိုပါ နေ့မှာပင် အဆောင်အမှတ် ၂၃၈၆ နှင့် ၂၃၈၇ တို့အနီးရှိ မြေကွက်လပ်၌ Mobile Clinic ဖြင့် ဝန်ထမ်းမိသားစုနှင့် မှီခိုသူ ၃၆ ဦးတို့ကို ဆေးကုသပေးခြင်း၊ ဧပြီ ၁ ရက်တွင် ပျဉ်းမနားမြို့၊ ရန်အောင် (၁) ရပ်ကွက်ရှိ ဓမ္မာရုံ၌လည်းကောင်း၊ ဧပြီ ၂ ရက်တွင် လယ်ဝေးမြို့၊ အမှတ် (၆) ရပ်ကွက် ရှိ ဓမ္မာရုံ၌လည်းကောင်း Mobile Clinic ဖြင့် ပြည်သူ ၁၇၅ ဦးအား ဆေးကုသပေးခြင်း၊ Mobile Clinic ဖြင့် ဆေးကုသမှုအပြင် လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်နှင့် ဂျာမေဗလီ၊ အမှတ်(၃) ရပ်ကွက်ရှိ ဗုဒ္ဓရက္ခိတ ဘုန်းတော်ကြီးကျောင်းတို့တွင်လည်း စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ခြင်းတို့အတွက် အထူးပင်ကျေးဇူးတင်ပါကြောင်း။
ထို့အပြင် သေဆုံးသွားသော လယ်ဝေးမြို့၊ အမှတ်(၆) ရပ်ကွက်နေ ဒေါ်ညို၏ မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်း၊ တပ်ကုန်းမြို့နယ်အတွင်း ငလျင်ဒဏ်ခံစားရသော မြောက်မြိုက်အရှေ့ကျေးရွာသို့ သွားရောက်၍ ရွာသူ၊ ရွာသား ၈၄ ဦးအား ဆေးကုသမှုများနှင့် စားသောက်ဖွယ်ရာများ ကူညီထောက်ပံ့ပေးအပ်ခြင်း ဇေယျာ သီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအတွင်း၌ ရွာသူ၊ ရွာသား ၁၅၆ ဦးအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည့်အပြင် စားသောက်ဖွယ်ရာများ ပေးအပ် ခြင်း၊ ငလျင်ဒဏ်ခံစားခဲ့ရသော ကျည်တောင်ကျေးရွာ၊ မွန်းတည့်ခွင်ကျေးရွာနှင့် စည်ပင် သာယာကျေးရွာတို့မှ ရွာသူ၊ ရွာသားများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ခြင်းတို့အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။
ယခုကဲ့သို့ မြန်မာနိုင်ငံ၌ ကူညီကယ်ဆယ်မှုများ လာရောက်ဆောင်ရွက်ပေးနေ ချိန်တွင် ထိုင်းနိုင်ငံအတွင်း၌လည်း မတ် ၂၈ ရက် နေ့လယ် ၁ နာရီ ၂၅ မိနစ်တွင် ၇ ဒသမ ၄ ရစ်(ခ်)တာစကေးရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဘန်ကောက်မြို့တော်၊ ဘန်ဆူးမြို့နယ်ရှိ တည်ဆောက်ဆဲ မြို့နယ်စာရင်းစစ်ရုံးအဆောက်အဦပြိုကျဖြစ်စဉ်တွင် အလုပ်သမား ၁၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရ ၉ ဦးနှင့် ၇၆ ဦးခန့် ပျောက်ဆုံးလျက်ရှိခြင်းအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်းကိုလည်း ကြားသိရ ကြောင်း၊ အဆောက်အဦပြိုကျမှုကိုလည်း Online မှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တွေ့ရှိရ ပါကြောင်း၊ ယခုကဲ့သို့ ထိုင်းနိုင်ငံအတွင်းတွင် ဖြစ်စဉ်ဖြစ်ပွားနေသော်လည်း မြန်မာနိုင်ငံကို စာနာစိတ်ဖြင့် လာရောက်ကူညီကယ်ဆယ်ပေးခြင်းအတွက် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၊ ရာမဘုရင် Maha Vajiralongkorn ၊ မိဖုရား Queen Suthida ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် Mrs. Paetongtarn Shinawatra ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsa ၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Songwit Noonpackdee ၊ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Pana Klaewblaudtuk နှင့် မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ် ကြီး H. E. Mongkol Visitstump တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါ ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံသို့ အရေးပေါ် ကူညီကယ်ဆယ်ရေး စေလွှတ်ပေးသည့် ထိုင်းဝန်ကြီးချုပ် Mrs. Paetongtam Shinawatra ဦးစီးသည့် ထိုင်းနိုင်ငံ အစိုးရအဖွဲ့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ်တို့ကိုလည်း ထပ်မံ၍ ကျေးဇူးအထူးတင် ရှိပါကြောင်း ပြောကြားလိုကြောင်း။
ထိုင်းနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိ နေချိန်အတွင်း အဆင်မပြေမှုများနှင့် အခက်အခဲများရှိပါက စာနာနားလည်မှု ပေးစေလိုကြောင်း၊ ယခုကဲ့သို့ မိမိတို့နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့ နေရချိန်တွင် အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံသားများအား ရှာဖွေကယ်ဆယ် ပေးခြင်း၊ Mobile Clinic ဖြင့် ဆေးကုသပေးခြင်း၊ စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းတို့အတွက် မြန်မာနိုင်ငံသားများကိုယ်စားနှင့် အမျိုး သားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုယ်စား အထူးပင်ကျေးဇူးတင် ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်းတို့ကို ပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ထိုင်းနိုင်ငံကယ်ဆယ်ရေးအဖွဲ့ကိုယ်စား ကိုယ်စားလှယ်တစ်ဦးအား ဂုဏ်ပြုအမှတ်တရ တံဆိပ်ပေးအပ်သည်။ ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက ထိုင်းနိုင်ငံကယ် ဆယ်ရေးအဖွဲ့အား ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ရာ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။
အခမ်းအနားအပြီးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထိုင်းနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့အား စားသောက်ဖွယ်ရာများ ဖြင့် တည်ခင်းဧည့်ခံပြီး တစ်ဦးချင်းအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု စံသတ်မှတ်ချက် (Assessment, Search & Rescue Level - ASR Level) များအနေဖြင့် အဆင့် (၁) ဘေး အန္တရာယ်ထိခိုက်ခံရသော ဧရိယာ၏အခြေအနေ၊ တည်နေရာနှင့် အခြားဘေးအန္တရာယ်များ ထပ်မံဖြစ်ပွားနိုင်မှု ရှိ/မရှိ စိစစ်ခြင်း (Wide Area Assessment)၊ အဆင့် (၂) Wide Area Assessment ဆောင်ရွက်မှုမှရရှိသော သတင်းအချက်အလက်များအပေါ် မူတည်ပြီး ရှာဖွေကယ်ဆယ် ရေးလုပ်ငန်း ဆောင်ရွက်မည့်အပိုင်းများ ပိုင်းခြားသတ်မှတ်ကာ ဘေး အန္တရာယ်လုံခြုံမှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဆင့် (၃) ဘေးဒုက္ခရောက်ရှိသော မျက်မြင်လူနာများအား ဦးစားပေးအဆင့်အတန်းအလိုက် ကယ်ဆယ်ရွှေ့ထုတ်ခြင်း၊ ပိတ်မိနေသော လူနာများ အားရှာဖွေခြင်းနှင့် အသက်ကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဆင့် (၄) ပြိုကျပျက်စီးနေသော အဆောက်အဦများအတွင်း ပိတ်မိနေသော လူနာများ ထပ်မံ ကျန်ရှိမှု ရှိ/မရှိ သေချာစေရန် ဧရိယာတစ်ခုလုံးအား ခေတ်မီနည်းပညာ မြင့်ပစ္စည်းများ အသုံးပြုကာ ရှာဖွေရေးလုပ်ငန်းကို ဆောင်ရွက်ခြင်းနှင့် အဆင့် (၅) ရှာဖွေကယ်ဆယ်ရေး နောက်ဆုံးအဆင့်အနေဖြင့် လူအင်အားအသုံးပြုပြီး အပျက်အစီးများအား ဖယ်ရှားရှင်း လင်းရှာဖွေခြင်း၊ ယာဉ်/ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်း လင်းခြင်းတို့ကို ဆောင်ရွက် ခြင်းတို့ဖြစ်ပြီး ထိုင်းနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် ၎င်းတို့ တာဝန်ယူ ဆောင်ရွက်ရသည့် အဆောက်အဦများတွင် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှု စံသတ်မှတ်ချက် အဆင့် (၄) (ASR Level 4) အထိ ဆောင်ရွက်ပြီးစီးခဲ့ပြီး ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့အသစ်တစ်ဖွဲ့လည်း ထပ်မံလာရောက်မည်ဖြစ်သည့်အတွက် တာဝန် လဲလှယ်ထမ်းဆောင်ခြင်းဖြစ်ပြီး ယခုအခါ ၎င်းတို့၏တာဝန်များပြီးဆုံး၍ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment