နေပြည်တော်၊ ဧပြီ ၄
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် အင်အားပြင်းမြေငလျင် လှုပ်ရှားမှုကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများသို့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ် ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ အချိန်နှင့် တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၏ တန်ဆောင်းနေရာများ၊ ရင်ပြင်တော်နေရာနှင့် ကျုံးမြို့ရိုး နေရာများတွင် ပြိုကျပျက်စီးမှုအား ရှင်းလင်းဆောင်ရွက်နေမှုများအား လည်းကောင်း၊ အောင်မြေသာစံမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့ရှိ လူနေအဆောက်အဦများတွင် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်နေမှုများအား လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ မြန်မာနိုင်ငံ သားများဘဏ်၌ နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးခြင်း၊ ပြည်သူများ ငွေသွင်း/ ငွေထုတ်/ ငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက် ပေးနေမှုအခြေအနေ များအားလည်းကောင်း သွားရောက်ကြည့်ရှုအားပေးသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ Mortuary ဌာနတွင် လုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မန္တလေးမြို့၊ ibis Styles Hotel သို့သွားရောက်၍ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာ ဆာဆာကာဝါရူဟီ ဦးဆောင်သောအဖွဲ့အား လက်ခံ တွေ့ဆုံ၍ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအပေါ် လိုအပ်သည့်အကူအညီများ ပေးနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးစွာအမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာ ဆာဆာကာဝါရူဟီ တို့သည် တာဝန် ရှိသူများနှင့်အတူ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သော မန္တလေးတက္ကသိုလ်၊ ဦးလှသိန်း ဗိမ္မာန်၊ မစိုးရိမ်တိုက်သစ်၊ Sky Villa၊ နန်းမြို့ရိုး၊ နန်းမြို့အတွင်းရှိ ဗဟိုစည်၊ စွယ်တော်စင် နှင့် အမရပူရမြို့နယ်၊ ဘုံးအိုကျေးရွာရှိ ဟာဂျီဦးလင်း ဗလီနေရာများသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် အောင်မြေသာစံမြို့နယ်ရှိ အေးရိပ်မွန် မိဘမဲ့အမျိုးသမီးစောင့် ရှောက်ရေး ကျောင်း၊ မန္တလေးတောင်ခြေရှိ ဇေယျာသီရိမိဘမဲ့စောင့်ရှောက်ရေး သီလရှင်ကျောင်း နှင့် မန်းတောင်ခြေဘိုးဘွားရိပ်သာများသို့ သွားရောက်၍ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအတွင်း မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၆၅ မိုင်ရှိ ဆွာချောင်းတံတား၊ မိုင်တိုင် အမှတ် ၁၈၂ မိုင် ၆ ဖာလုံ၊ မိုင်တိုင်အမှတ် ၁၉၀ မိုင် ၂ ဖာလုံရှိ မှောက်ခုံချောင်းတံတား၊ မိုင်တိုင်အမှတ် ၁၈၃ မိုင် ၇ ဖာလုံနှင့် မိုင်တိုင်အမှတ် ၁၆၆ မိုင်တို့၌ လမ်း/တံတား ပျက်စီးမှုအခြေအနေများနှင့် ပြန်လည်ပြုပြင်နေမှုများအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိ မြို့နယ်တို့ရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့်နေရာများ၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့်နေရာများ၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေရာများ၌လည်းကောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူများအား ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက် ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စေတီပုထိုးများ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေးခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပြည်သူများကလည်း ငလျင် ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ငလျင်ဒဏ်သင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရေးအတွက် အစားအသောက် များ ချက်ပြုတ်၍ ထမင်း၊ ဟင်းများလှူဒါန်းခြင်း၊ စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်များ၊ သောက်သုံးရေများ၊ အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ် လှူဒါန်းခြင်းတို့ကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment