နေပြည်တော်၊ ဧပြီ ၄
ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကိုယနေ့နံနက်ပိုင်း တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Shangri La ဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဆွေးနွေးသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြသည်။
ဦးစွာ ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarm Shinawatra က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ တို့မှ ခေါင်းဆောင်များအား တစ်ဦးချင်းကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်စုပေါင်း ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် အစည်းအဝေးကိုစတင်ကျင်းပပြုလုပ်ရာ ဘင်းမ်စတက်အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထိုသို့အဖွင့်အမှာ စကားပြောကြားနေချိန်အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် မတ်လ ၂၈ ရက်နေ့၌ ပြင်းထန်စွာ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့်သူများအတွက် ၁ မိနစ်ငြိမ်သက် ဂါရဝပြုကြသည်။
ထို့နောက် အစည်းအဝေးအစီအစဉ်အား အတည်ပြုပြီး ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များက မိန့်ခွန်း အသီးသီးပြောကြားကြသည်။
ထိုသို့ပြောကြားရာတွင် ဝန်ကြီးချုပ်က ထိုင်းနိုင်ငံ၏ ဘင်းမ်စတက်ဥက္ကဋ္ဌသက်တမ်း ဆောင်ပုဒ်ဖြစ်သည့် “သာယာဝပြော၍ ကြံ့ကြံ့ခံနိုင်သော ပွင့်လင်းမြင်သာသည့် ဘင်းမ်စတက်” သည် အဖွဲ့ဝင်နိုင်ငံများ၏ ရည်မှန်းချက်များနှင့် အလွန်လိုက်လျောညီထွေရှိကြောင်း၊ ထိုင်းနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် အစီအစဉ်များစွာ အကောင်အထည်ပေါ် လာခဲ့ကြောင်း၊ အထူးသဖြင့် ယခုထိပ်သီးအစည်းအဝေးတွင် အတည်ပြုချမှတ်မည့် ဘင်းမ်စတက် ဗန်ကောက်မျှော်မှန်းချက် ၂၀၃၀ ကို ရေးဆွဲအဆိုပြုခြင်းအတွက် ဥက္ကဋ္ဌ ထိုင်းနိုင်ငံ၏ ဦးဆောင်ဦးရွက်ပြုမှုကို အသိအမှတ်ပြု ပြောကြားလိုကြောင်း။
ထို့ပြင် မိမိတို့သည် ဘင်းမ်စတက်ယန္တရားများဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ယခုထိပ်သီးအစည်းအဝေးတွင် အတည်ပြုကြမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ထုံး လုပ်နည်းများသည် ဘင်းမ်စတက် အစည်းအဝေးများ စနစ်တကျ ကျင်းပနိုင်ရန်နှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များ ရှင်းလင်းမှုရှိစေရန်အတွက် လမ်းညွှန်များ ဖြစ်လာမည် ဖြစ်ကြောင်း။
သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်ရန်အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ဘင်းမ်စတက်လွတ်လပ်သော ကုန်သွယ်မှုဧရိယာသဘော တူညီချက်မူ 6 (Framework Agreement on the BIMSTEC Free Trade Area Agreement FTA) ကို ၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း FTA ကို ထူထောင်ရန် အလှမ်းဝေးနေဆဲပင်ဖြစ်ကြောင်း၊ FTA ကို ထူထောင်ခြင်းဖြင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကိုလျှော့ချနိုင်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်ရေးတို့ကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် FTA ၏အသီးအပွင့်များကို ရရှိခံစားနိုင်ရေးအတွက် ယင်း၏ ဆက်စပ် သဘောတူစာချုပ်များ ဆွေးနွေးအပြီးသတ်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
ထို့ပြင် အရောင်းအဝယ်ကိစ္စများ အဆင်ပြေလွယ်ကူစေရန်နှင့် နိုင်ငံခြားငွေ အပေါ် မှီခိုမှုကိုလျှော့ချနိုင်ရန် ဒီဂျစ်တယ်နယ်စပ် ဖြတ်ကျော်ငွေပေးချေမှုစနစ်များ၊ ဒေသသုံးငွေကြေးများဖြင့် ကုန်သွယ်နိုင်မည့် အခြေအနေများကို ရှာဖွေဖော်ထုတ် ကြရမည် ဖြစ်ကြောင်း၊ လက်ရှိတွင်နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ၌ငွေပေးချေမှု ပိုမိုမြန်ဆန် ချောမွေ့စေရေးအတွက် မြန်မာနိုင်ငံက ထိုင်းနိုင်ငံနှင့်ကုန်သွယ်ရာတွင် “ဘတ်-ကျပ်” တိုက်ရိုက်ပေးချေမှုနှင့် အိန္ဒိယနိုင်ငံနှင့်ကုန်သွယ်ရာတွင် “ရူပီး-ကျပ်” တိုက်ရိုက်ပေးချေမှုတို့ကို ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း။
သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် အခြားအရေးကြီး သည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် တစ်ခုမှာဆက်သွယ်ချိတ်ဆက်မှု (connectivity) ပင်ဖြစ်ကြောင်း၊ ဆက်သွယ်ချိတ်ဆက်မှုကို ခိုင်မာအားကောင်းအောင် ဆောင်ရွက် ခြင်းဖြင့် ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမှုကို မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုကို မြှင့်တင်ပေးနိုင်မည့် ဘင်းမ်စတက် ပို့ဆောင်ဆက်သွယ်ရေး ပင်မစီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းသည် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုကို များစွာအထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ ဒေသတွင်း ရေကြောင်းဆက်သွယ်မှုများ၊ ကုန်သွယ်မှုများနှင့် ဆိပ်ကမ်းအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ပေးနိုင်မည့် ပင်လယ်ရေကြောင်း ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းကို မိမိအနေဖြင့် ကြိုဆိုပါကြောင်း။
စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု (energy cooperation) သည် ဒေသတွင်း သာယာဝပြောရေးအတွက် နောက်ထပ်အရေးကြီးသည့် မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ ဘင်းမ်စတက် ဓါတ်အားလိုင်းအပြန်အလှန်ချိတ်ဆက်မှုဆိုင်ရာ ပင်မစီမံကိန်းကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် စွမ်းအင်အရင်းအမြစ်များကို ထိရောက်စွာ မျှဝေသုံးစွဲ နိုင်မည် ဖြစ်သကဲ့သို့ ကုန်ကျစရိတ်များကိုလည်း လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း။
သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် ဒေသတွင်းစားနပ် ရိက္ခာဖူလုံရေးသည်အရေးကြီးလှကြောင်း၊ မိမိတို့၏ လူဦးရေသည် အစဉ်တိုးပွားလျက် ရှိသည့်အတွက် တိုးပွားလာသည့်လူဦးရေ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် စားနပ်ရိက္ခာဖူလုံရေးကို အလေးထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဘင်းမ်စတက် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့် ဘင်းမ်စတက် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး လုပ်ငန်းစီမံချက်(၂၀၂၃-၂၀၂၇)နှင့် ဘင်းမ်စတက်ငါးလုပ်ငန်းနှင့် မွေးမြူရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစီမံချက်တို့ကို ဦးဆောင်ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းစားနပ် ရိက္ခာဖူလုံမှုကို ဖြေရှင်းနိုင်ရန်အတွက် ယင်းလုပ်ငန်းစီမံချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်း လိုကြောင်း။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် ကောင်းမွန်သည့်ရေ၊ မြေ၊ ရာသီဥတုကိုပိုင်ဆိုင်ထားကြောင်း၊ နည်းပညာရှိသည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ များ၏ ခေတ်မီသည့်စိုက်ပျိုးရေး၊ မွေးမြူရေးနည်းစနစ်များနှင့် လက်တွေ့ပေါင်းစပ် ကျင့်သုံးသွားမည်ဆိုပါက မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက်ပါ အကျိုးရှိသည့်ရလဒ်များ ခံစားရမည်ဟုမိမိအနေဖြင့် အပြည့်အဝယုံကြည်ကြောင်း၊ ထို့ကြောင့် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံ တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံကြရန်ဖိတ်ခေါ်လိုကြောင်း၊ အခါအခွင့်သင့်ခိုက်အဖွဲ့ဝင်နိုင်ငံများအတွက် စိုက်ပျိုး ရေးဆိုင်ရာ ဘင်းမ်စတက် ပညာသင်ဆုများပေးအပ်ခြင်းအတွက် အိန္ဒိယနိုင်ငံအား ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း။
ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် မိမိတို့ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကျရောက်မှု ဒဏ်ကိုမကြာခဏ ကြုံတွေ့ခံစားရလျက်ရှိကြောင်း၊ ထို့ပြင် မကြာသေးမီက မြန်မာ နိုင်ငံကိုဗဟိုပြုပြီး အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် ဒေသတွင်းနိုင်ငံအချို့ တွင်လည်း ရိုက်ခတ်မှုများရှိခဲ့ကြောင်း၊ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လက်ရှိအချိန် အထိသေဆုံးသူ ၃၃၀၁ ဦး၊ ဒဏ်ရာရရှိသူ ၄၇၉၂ ဦးနှင့် ပျောက်ဆုံးနေသူ ၂၂၁ ဦးရှိကြောင်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အခွင့်ကြုံခိုက်ပြီးခဲ့ သည့် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ကြီးမားသည့် ငလျင်ကြီးကြောင့် ထိခိုက်သေဆုံးပျက်စီးမှုများ အတွက် အဖွဲ့ဝင်နိုင်ငံများက စာနာထောက်ထားမှုပြောဆိုခြင်း၊ ရှာဖွေကယ်ဆယ်ရေးအတွက် အချိန်တိုအတွင်း ရောက်ရှိကူညီပေးခြင်း၊ ကယ်ဆယ်ရေးနှင့်စားသောက်ဖွယ်ရာများ အမြန်ပေးပို့ ကူညီမှုများအတွက် မြန်မာပြည်သူများက ကျေးဇူးအထူး တင်ရှိသည်ကို ပြောကြား လိုကြောင်း။
ဘင်းမ်စတက်အတွင်း ကြံ့ကြံ့ခံနိုင်စွမ်းတည်ဆောက်ရေးသည် အရေးကြီး လှကြောင်း၊ မိမိတို့ဒေသသည် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များ၊ ကပ်ရောဂါများနှင့် အခြားကြိုတင်မမြင်နိုင်သည့် အကျပ်အတည်းများကို ရင်ဆိုင် ကြုံတွေ့ရလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အကျပ်အတည်းစီမံခန့်ခွဲမှု၊ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့မှုတို့အတွက်အစီအမံများကို ကြိုတင်ချမှတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို တွေ့ကြုံခံစားနေရပြီး ရာသီဥတု ပြောင်းလဲမှုလျော့ပါးရေးနှင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်အောင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် သဘာဝပတ်ဝန်း ကျင်နှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘင်းမ်စတက်လုပ်ငန်း စီမံချက် အကောင်အထည်ဖော်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါသည် ကျန်းမာရေးအကျပ်အတည်းများကို ရင်ဆိုင်ရာတွင် ကြိုတင်ပြင်ဆင်မှုများ လိုအပ်သည်ကို မီးမောင်းထိုးပြခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ခိုင်မာအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး အနာဂတ်တွင် ကပ်ရောဂါများဖြစ်ပွားသည့်အခါ ကာကွယ်ဆေးများ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီရရှိရေး စီမံဆောင်ရွက်ထားရမည်ဖြစ် ကြောင်း၊ ကျန်းမာရေးဆိုင်ရာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာ၌ အရေးပါလှသည့် ဘင်းမ်စတက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၅)ကို အချိန်မီ အကောင်အထည်ဖော်ရာတွင် ဝိုင်းဝန်းပံ့ပိုးပေးရန် အဖွဲ့ဝင်နိုင်ငံ အားလုံးကို မိမိအနေဖြင့်တိုက်တွန်းလိုကြောင်း။
ကပ်ရောဂါကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်မှုတို့နှင့် စပ်လျဉ်း၍ ပံ့ပိုးပေး ရန် ကမ်းလှမ်းချက်အတွက် ကမ္ဘာ့ဘဏ်ကို အခါအခွင့်သင့်ခိုက် ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ ဒေသတွင်းလုံခြုံရေးသည် ကြံ့ကြံ့ခံနိုင်စွမ်းရှိရေးသည် နောက် ထပ် သော့ချက်မဏ္ဍိုင်ဖြစ်ကြောင်း၊ ဆိုက်ဘာလုံခြုံရေး၊ ရေကြောင်းလုံခြုံရေးနှင့် လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးမှောင်ခိုမှု၊ အွန်လိုင်း လိမ်လည်မှုကဲ့သို့သော နိုင်ငံဖြတ် ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရာ၌ မိမိတို့၏ တရားဥပဒေစိုးမိုးရေးအေဂျင်စီများ အကြား အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုများလိုအပ်ကြောင်း။
အထူးသဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာတွင် ကြီးထွားလာသည့် အွန်လိုင်း လိမ်လည်မှုများကို ပူးပေါင်းတိုက်ဖျက်ကြရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတွင် အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲဆောင်ရွက် လျက်ရှိရာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ အသုံးချရန် လူကုန်ကူးခံရသူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက် ရှိကြောင်း၊ ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်နိုင်သည့်အတွက် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကို မိမိတို့အဖွဲ့ဝင်နိုင်ငံများအကြား ရေတိုမဟုတ်ဘဲ အမြဲတမ်းပူးပေါင်းဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေး ဆိုင်ရာအကြီးအကဲများ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိအိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ကို ဝမ်းမြောက် စွာ ပြောကြားလိုကြောင်း။
ပွင့်လင်းမြင်သာသည့် ဘင်းမ်စတက်ကို ပုံဖော်ရန်အတွက် မိမိတို့အကြား သမိုင်း ကြောင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်နွယ်ပတ်သက်မှုများကို အခြေခံပြီး မိမိတို့ပြည်သူအချင်းချင်း ထိတွေ့ဆက်သွယ်မှုကို မြှင့်တင်ပေးရမည် ဖြစ် ကြောင်း၊ ခရီးသွားလုပ်ငန်း သည် မိမိတို့ပြည်သူများအကြား အပြန်အလှန် နားလည်မှု ကို မြှင့်တင်ရာတွင်လည်းကောင်း၊ ဆက်ဆံရေးပေါင်းကူးတံတားများ တည်ဆောက်ရာ တွင် လည်းကောင်း အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း၊ ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ခြင်းဖြင့် မိမိတို့ဒေသ၏ ကြွယ်ဝသည့်ယဉ်ကျေးမှု အမွေအနှစ်များကို အသုံးချနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ဒေသခံလူထုအတွက် စီးပွားရေးအခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း၊ ဒီလိုဖန်တီးရာတွင် လည်းနီပေါနှင့် ဘူတန်နိုင်ငံတို့သည် ကုန်းတွင်းပိတ်နိုင်ငံများ ဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာအခက်အခဲများ ရှိနိုင်ခြင်းကြောင့် ပူးပေါင်းဆောင်ရွက် ရေး အခွင့်အလမ်းများကို ပိုမိုလုပ်ဆောင်ပေးသွားရန် လိုအပ်သည်ကိုလည်း ပြောကြား လိုပါကြောင်း။
မိမိတို့သည်လူငယ်များသည် ဘင်းမ်စတက်၏ အနာဂတ်ဖြစ်မိမိတို့၏လူငယ်များ ဒစ်ဂျစ်တယ်စီးပွားရေးတွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ပညာရေးဆိုင်ရာ ဖလှယ်ရေး အစီအစဉ်များကို တိုးချဲ့ဆောင်ရွက်ပေးခြင်း၊ လူငယ်စွန့်ဦးတီထွင်မှု အတွက် အခွင့်အလမ်းများဖန်တီးပေးခြင်းနှင့် ကျွမ်းကျင်မှုများ ပိုမိုတိုးတက်ရန် မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဘင်းမ်စတက်ပူးပေါင်းဆောင် ရွက်မှုကို အထောက်အကူဖြစ်စေနိုင်မည့် အကြံဉာဏ်များဖလှယ်ဖို့နှင့် နည်းလမ်း များရှာဖွေရန်အတွက် ဘင်းမ်စတက်လူငယ်မျိုးဆက်သစ်ဖိုရမ်ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်မှ ၃ ရက်အထိ ဗန်ကောက်မြို့တွင်ကျင်းပ ပေးသည့်အတွက် ဥက္ကဋ္ဌထိုင်းနိုင်ငံကို ချီးကျူးဂုဏ်ပြုသည်ကိုပြောကြားလိုကြောင်း။
ဘင်းမ်စတက်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့ အစည်းများက စိတ်ဝင်စားမှုတိုးမြင့်လာသည်ကို သိရှိရသည့်အတွက် အားရကျေနပ် မိကြောင်း၊ ဘင်းမ်စတက်၏ စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် လိုအပ် သည့် ကျွမ်းကျင်မှုနှင့် အရင်းအမြစ်များကို ရယူနိုင်ရန်အတွက် ရှိရင်းမိတ်ဖက်အဖွဲ့ အစည်းများနှင့် မိတ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်းထားရန်နှင့် အလားအလာရှိသည့် မိတ်ဖက်များနှင့် ထိတွေ့ ဆက်ဆံသွားရန် အရေးကြီးကြောင်း၊ ဘင်းမ်စတက်၏ အနာဂတ်ဦးတည်ချက်များနှင့် စပ်လျဉ်းပြီး အစီရင်ခံစာနှင့်အကြံပြုချက်များ တင်ပြ ခြင်းအတွက် ထင်ပေါ်ကျော်ကြားပညာရှင်များအဖွဲ့ကိုလည်း မိမိအနေဖြင့် ကျေးဇူး တင်ရှိသည်ကို ပြောကြားလိုကြောင်း။
ထို့ပြင် အခါအခွင့်သင့်ခိုက် ဘင်းမ်စတက်၏ အတွင်းရေးမှူးချုပ်သစ်အဖြစ် မစ္စတာ အင်ဒရာ မာနီ ပန်ဒေး ကို ဂုဏ်ပြုကြိုဆိုပါကြောင်းနှင့် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်ရေးတွင် စွမ်းစွမ်း တမံဆောင်ရွက်ပေးခဲ့မှုများအတွက် အတွင်း ရေးမှူးချုပ်ဟောင်း မစ္စတာ တန်ဇင် လက်ခ်ဖဲလ် ကိုလည်း ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ ဘင်းမ်စတက်ဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ် ကာလတွင် ဘင်းမ်စတက်၏ တိုးတက်မှုကို များစွာအထောက် အကူပြုစေခဲ့သည့် ဦးဆောင်မှုအတွက် ထိုင်းနိုင်ငံကို ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ ဘင်းမ်စတက် ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းထမ်းဆောင်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဂုဏ်ပြုဝမ်းမြောက် ကြောင်းနှင့် ဘင်းမ်စတက်ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်စဉ်ကာလတွင် မိမိတို့အနေဖြင့် အပြည့်အဝထောက်ခံ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ကို ပြောကြားလိုကြောင်း၊ အားလုံးအတွက် သာယာဝပြော၍ ကြံ့ကြံ့ခံနိုင်ပြီး ပွင့်လင်းမြင်သာရုံသာမက တရား မျှတ၍ သာတူညီမျှဖြစ်ပြီး ရေရှည်တည်တံ့မည့် အနာဂတ်ကို ပုံဖော်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများနှင့် နီးကပ်စွာလက်တွဲလုပ်ဆောင်ရန် မိမိတို့၏ ခိုင်မာသောကတိကဝတ်ကို ထပ်လောင်းပြောကြားလိုကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်က ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ အစီရင်ခံတင်ပြပြီး (၁၉)ကြိမ် မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက် နှင့် အကြိမ်(၂၀)မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှတ် တမ်းတို့အားအတည်ပြုခြင်း၊ ဘင်းမ်စတက်ဗန်ကောက်မျှော်မှန်းချက် ၂၀၃၀ အားသုံး သပ်ခြင်းနှင့်အတည်ပြုခြင်း၊ ဘင်းမ်စတ်က်ယန္တရားများဆိုင်ရာလုပ်ထုံးလုပ်နည်းများကို သုံးသပ်ခြင်းနှင့်အတည်ပြုခြင်း၊ ထင်ပေါ်ကျော်ကြားပညာရှင်များအဖွဲ့၏ အစီရင်ခံစာကိုသုံးသပ်ခြင်း၊ ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ကြေညာစာတမ်းကို အတည်ပြုခြင်းများကို ဆောင်ရွက်ကြသည်။
ယင်းနောက် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် က ဘင်းမ် စတက် အလှည့်ကျဥက္ကဋ္ဌတာဝန်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြံပေးပုဂ္ဂိုလ်ချုပ် ထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် အလှည့်ကျဥက္ကဋ္ဌသစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြံပေးပုဂ္ဂိုလ်ချုပ် က အမှာစကားပြောကြားပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်က အပိတ်အမှာစကားပြောကြား ၍ အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment