နေပြည်တော်၊ ဧပြီ ၄
ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ် စတက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘူတန် နိုင်ငံဝန်ကြီးချုပ် H.E. Mr. Tshering Tobgay နှင့် ယနေ့ဒေသ စံတော်ချိန် မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ရှိ Shangri - La ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာ ဘူတန်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ တွင်ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ မိမိတို့ဘုရင်မင်းမြတ်က များစွာစိတ်မကောင်းဖြစ်ရသည်ကို အမှာစကားပါလိုက်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ပြီး ကူညီမှုများကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံအတွက် လိုအပ်သည့် အကူအညီများကိုလည်းဆက်လက်၍ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဆွေတော်တို့နိုင်ငံ၏ ဘုရင်မင်းမြတ်နှင့် ပြည်သူများ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့်စိတ်စေတနာများကို သိရှိရသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့သည်မှာ ၆ ရက်တိုင်ရှိပြီဖြစ်သော်လည်း ယမန်နေ့ အထိအသက်ရှင်လျက် ကယ်ထုတ်နိုင်မှုများရှိနေသေးကြောင်း၊ ဘူတန်နိုင်ငံအနေဖြင့် မိမိတို့နိုင်ငံ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်ကူညီဆောင်ရွက် ပေးမှုများအတွက်လည်း များစွာကျေးဇူးတင်ရှိပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ယဉ်ကျေးမှု များအပြန်အလှန်ဖလှယ်ရေးဆောင်ရွက် လျက်ရှိမှုနှင့် အခြားပူးပေါင်းဆောင်ရွက်၍ရသည့် ကဏ္ဍများ၌ ပူးပေါင်ဆောင်ရွက် မှုများမြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုများ ယခုထက်ပိုမိုတိုး တက်အောင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြပြီး ဘူတန်နိုင်ငံဝန်ကြီး ချုပ်နှင့်အတူ ဘူတန်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဘူတန်နိုင်ငံဝန်ကြီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်း အပြန်အလှန် ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment