နေပြည်တော်၊ ဧပြီ - ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့မှုအခြေအနေများ နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မြတ်ကိုယ်ပိုင် အထက်တန်း ကျောင်းသို့ရောက်ရှိကြပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကိုကြည့်ရှုကာ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် စာသင်ဆောင်များ ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ ၏ တင်ပြချက်များအပေါ် ထိခိုက်ပျက်စီးခဲ့မှုများအား စနစ်တကျစိစစ်၍ ပြန်လည်ပြုပြင် နိုင်သည်များကို အဆင့်အလိုက် ပြုပြင်သွားရန်၊ ပြုပြင်၍မရသည့် အန္တရာယ်ရှိကျောင်း ဆောင်များကို စနစ်တကျဖြိုချသွားရန်နှင့် ဆယ်တင်၍ရနိုင်သည့်ပစ္စည်းများကိုလည်း စနစ်တကျပြန်လည်ဆယ်တင် အသုံးပြုသွားရန်၊ ပြန်လည်ပြုပြင်၍ ရနိုင်သေးသည့် ကျောင်းဆောင်အား ကျောင်းဖွင့်ချိန် မတိုင်မီ စနစ်တကျပြန်လည်ပြုပြင်ပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ခိုင်ခံ့မှုရှိစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ် ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေးနေမှုများ၊ အဆောက်အဦအတွင်း ၆ ရက်ကြာပိတ်မိခဲ့ပြီး အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့သူ ကျောင်းဆရာတစ်ဦးအပါအဝင် အခြားထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှု၍ အားပေးစကားပြောကြားကာ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အသင်္ခယာရိပ်သာသို့ ရောက် ရှိကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ငလျင်ဒဏ်ကြောင့် လူထိခိုက်သေဆုံးခဲ့ရမှုများ၊ သာသနိကအဆောက်အဦများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများ ထိခိုက်ပျက်စီးခဲ့ရမှု အခြေအနေများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီဝန်ထမ်းများ၊ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များအတူတကွပူးပေါင်း၍ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့မှုနှင့် အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် ငွေကြေးထောက်ပံ့မှုများဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ရသင့်ရထိုက်သည့်နေရာများအားလုံး မျှမျှတတရရှိစေရေး ဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် လမ်းတံတားနေရာများအား လတ်တလော သွားလာနိုင်ရန်အတွက် ယာယီပြင်ဆင်မှုများဆောင်ရွက်ထားရှိမှုများကို အပိုင်းလိုက် စနစ်တကျဖြင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိအောင် ဆက်လက်ပြင်ဆင်ဆောင်ရွက်ပေးသွား ရန်လိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့ရသည့်အဆောက်အဦများတွင် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်ဟူ၍ရှိမည်ဖြစ်ပြီး ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ပြန်လည်တည်ဆောက်ရေး လုပ် ငန်းများအတွက်လည်း လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများကို တတ်နိုင်သရွေ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ် ငန်းများကို အင်တိုအားတိုက်ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ယခင်ကထက် ပိုမိုကောင်းမွန်ပြီး ဖွံ့ဖြိုးတိုးတက်သည့်မြို့အဖြစ် ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းလမ်းရပ်ကွက်၊ ကမ်းနားလမ်းပေါ်ရှိ မိုးဇာရေပေးဝေရေးစက်ရုံ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုနှင့် ပင်မလမ်းအူကြောင်းရွှေ့လျား ပြောင်းလဲ ခဲ့သည်အထိ ထိခိုက်ပျက်စီးခဲ့ရမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စကုမှော်ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးထားမှုအခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှုဆေးခန်းဖွင့်လှစ်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးထားမှုများ ကို ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားဖြည့် ဆည်းဆောင်ရွက်ပေးကာ စစ်ကိုင်းမြို့မှ လုပ်အားပေးလာရောက်ကြသည့် စေတနာ့ ဝန်ထမ်း ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားသည်။ ၎င်း နောက် စကုမှော်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှ စစ်ကိုင်းတံတား(အင်းဝ) ရထား လမ်းကူးတံတား ပြိုကျပျက်စီးနေမှုအခြေအနေများကို ကြည့်ရှုပြီး အမြန်ဆုံးပြန်လည် ပြင်ဆင်မှုများဆောင်ရွက်သွားနိုင်ရေးတာဝန်ရှိသူများကို လိုအပ်သည်များမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀) ပြည့်အားကစားကွင်း၌ အခြေ ပြု၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည့် မလေးရှားနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံရာ အဖွဲ့ခေါင်းဆောင် Mr. Hasizul ၏ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနိုင်ခဲ့မှုအခြေအနေများအား ရှင်းလင်း တင်ပြမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မလေးရှားနိုင်ငံမှ ကူညီကယ် ဆယ်ရေးအဖွဲ့ဝင်များ တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းနှင့်သစ်သီးခြင်းကို ပေးအပ်ရာ အဖွဲ့ခေါင်း ဆောင်က လက်ခံရယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လေးကျွန်းမြေအုဌ်ကျောင်း၌အဆောက်အဦပျက်စီးနေမှုအား ရှင်းလင်း ဖယ်ရှားခြင်း ဆောင်ရွက်နေမှု၊ သကျဓီတာ သီလရှင်စာသင်တိုက် အဆောက်အဦပျက်စီး နေမှုအား ရှင်းလင်းဖယ်ရှားခြင်းဆောင်ရွက်နေမှု၊ ဆွမ်းဦးပုညရှင်စေတီတော်တွင် အဆောက်အဦ ပျက်စီးနေမှုအား ရှင်းလင်းဖယ်ရှားခြင်းဆောင်ရွက်နေမှု၊ ရတနာသိင်္ဂီ သီလရှင်စာသင်တိုက်တွင် အဆောက်အဦ ပျက်စီးနေမှုအား ရှင်းလင်းဖယ်ရှားခြင်း ဆောင် ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သာသနိကအဆောက်အဦများအား မူလလက်ရာမပြတ် ခိုင်ခံ့စွာဖြင့် ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေး၊ လုပ်ငန်းဆောင်ရွက်မှုများအား အဆင့်အလိုက်စနစ်တကျဖြင့် ဆောင် ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကိုမှာကြားကာ ကူညီကယ်ဆယ်ရေးအဖွဲ့များ အား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီတဂူဝိပဿနာကျောင်းတိုက်သို့ ရောက်ရှိပြီး နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အား ဖူးမြော်ကြည်ညိုကာ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များကိန်းဝပ်ရာ ဘုရား၊ စေတီပုထိုးများ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ်သိန်း ၅၀၀ နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အား ငလျင်သဘာဝဘေးကြောင့် အသက်ခန္ဓာဆုံးရှုံးခဲ့ရသည့် ရဟန်းသံဃာများ၊ သာသနာနွယ် ဝင်သီလရှင်များနှင့် ပြည်သူအပေါင်းတို့ရရှိစေရန် အမျှပေးဝေကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီတဂူသံဃသန္နိပါတကျောင်းဆောင်တော်ကြီးငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ဆုံးပြန်လည်တည်ဆောက်သွားနိုင် ရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်ရှိ ကားလမ်းမပေါ်၌ ငလျင်ဘေး ဒဏ်ကြောင့် ပင်မလမ်းအူကြောင်းရွှေ့လျား ပြောင်းလဲခဲ့သည်အထိ ထိခိုက်ပျက်စီးခဲ့ရ မှုအား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် စစ်ကိုင်းမြို့၊ ရိုင်တန်းရပ်ကွက်ရှိ မဟာစေတီတော်အား လုံးတော်ပြည့်ငုံ၍ ပြုပြင်မွမ်းမံတည်ဆောက်နေမှုနှင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ကြည့်ရှု၍ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်မွမ်းမံမှုများကို စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတံတား(ရတနာပုံ) ပေါ်မှ မော်တော်ယာဉ်များဖြင့် ဖြတ်သန်း၍ တံတားကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/taungpawtharchannel
No comments:
Post a Comment