မြစ်ကြီးနား , ဧပြီ ၁၃
ကချင်ပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပပြုလုပ်သွားမည့် အစီအမံများနှင့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဧပြီ ၁၁ ရက် မွန်းလွဲ ၂ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်သစ်တောဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးအား ပြည်နယ်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်ဦးစီးမှူး ဦးစိုးထိုက်တို့က ၂၀၂၅ ခုနှစ် မိုးရာသီ လူထုဖြန့်ဝေမည့် ပျိုးပင်များ၊ အထူးပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများ၊ အရံပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်မှ ပျိုးပင်များ ရှင်သန်ကြီးထွားအောင် ပြုစုပျိုးထောင်နိုင်ခဲ့မှုအခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် စိုက်ပျိုးဆောင်ရွက်မည့် အစီအမံများနှင့်စိုက်ပျိုးပြီးစီးခဲ့သည့်သစ်ပင်များ ရှင်သန်ကြီးထွားစိမ်းလန်းစိုပြည်စေရေး စနစ်တကျပြုစုပျိုးထောင်ရန်အရေးကြီးကြောင်းနှင့် လူထုဖြန့်ပျိုးပင်များအား စနစ်တကျဖြန့်ဝေနိုင်ရေး လိုအပ်သည်များကို ဖြည့်စွက်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် သစ်တောဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ရုံးဝင်းအတွင်း ဧရာဝတီမြစ်ကမ်းထိန်းသိမ်းရေးအတွက် ကမ်းခြေတစ်လျှောက် စိုက်ပျိုးနိုင်ရေး ပြုစုပျိုးထောင်ထားသည့် ဗာတီဗာမြက်ပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုအခြေအနေများကို လည်းကောင်း၊ မြို့မပျိုးဥယျာဉ်အတွင်း ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ မန်ဂျန်ရှား စသည့် အရိပ်ရ အပင်ကြီးမျိုးများပါဝင်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များနှင့် လူထုဖြန့်ပျိုးပင်များ၊ အထူးပျိုးပင်များ၊ အရံပျိုးပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပျိုးဥယျာဉ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် (၄)လက်မပိုက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ ရေမြုပ်မော်တာဖြင့် ဧရာဝတီမြစ်ရေ စုပ်တင်ခြင်းလုပ်ငန်း၊ ဂါလံ (၁၂၀၀)ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းနှင့် အလျား (၂၄)ပေ၊ အနံ (၁၈)ရှိ မဏ္ဍပ်ဝယ်ခြင်းလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့သည်။
ကချင်ပြည်နယ်အတွင်း သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်ပွဲတော်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြစ်ကြီးနားမြို့နယ်အတွင်း မြစ်ကြီးနားတက္ကသိုလ်ဝင်း၊ နည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်းများ၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်း ဌာနဆိုင်ရာမြေ နေရာပတ်လမ်းများနှင့် ဧရာဝတီမြစ်ကမ်းဘေးတို့တွင် (၄)ကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လူထုဖြန့်ပျိုးပင်ပေါင်း ၃၀၀၀၀ ကျော် ပျိုးထောင်စိုက်ပျိုးထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment