ပုပ်ရဟန်းမင်းကြီး Francis က သူ့ရဲ့ အီစတာသဝဏ်လွှာမှာ ဂါဇာကမ်းမြောင်နဲ့ ယူကရိန်းတို့မှာ ငြိမ်းချမ်းဖို့အတွက် တောင်းဆိုခဲ့ပါတယ်။
အသက် ၈၈ နှစ်ရှိ ပုပ်ရဟန်းမင်းကြီးဟာ ဖေဖော်ဝါရီလကစပြီး အဆုတ်ရောင်ရောဂါကြောင့် တစ်လကျော်ကြာ ဆေးရုံတက်ခဲ့ရပြီးနောက် ဆေးကုသမှုတွေကိုခံယူနေရင်း တာဝန်တွေကို တဖြည်းဖြည်း ပြန်စတင်နေခဲ့ပါတယ်။
Roman Catholic Church ရဲ့ ဂိုဏ်းချုပ် ပုပ်ရဟန်းမင်းကြီးဟာတနင်္ဂနွေနေ့မှာ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းကို ဂုဏ်ပြုတဲ့ အီစတာပွဲတော်ကို တက်ခဲ့ပါတယ်။ Vatican ရဲ့ St. Peter ဘုရားကျောင်း လသာဆောင်ကနေ ပုပ်ရဟန်းမင်းကြီး ထွက်လာတဲ့အခါ လူထုကြီးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ဒီလိုအခမ်းအနားတွေမှာ မိန့်ခွန်းပြောလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် မိန့်ခွန်းကို ကိုယ်စား ဖတ်ပြခဲ့ပါတယ်။
သူ့သဝဏ်လွှာထဲမှာ ပုပ်ရဟန်းမင်းကြီး Francis က အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေတဲ့ ဂါဇာကမ်းမြောင်ဒေသအခြေအနေကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးက "ဆိုးရွားတဲ့ ပဋိပက္ခတွေဟာ လူသေဆုံးမှုနဲ့ ပျက်စီးမှုတွေကို ဆက်ဖြစ်ပေါ်စေပြီး စိတ်ပျက်မနှစ်မြို့ဖွယ်ရာ လူသားချင်းစာနာထောက်ထားမှု အခြေအနေတစ်ရပ်ကို ဖန်တီးနေတယ်" လို့ ဆိုရင်း ချက်ချင်း အပစ်အခတ်ရပ်စဲဖို့နဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ယူကရိန်းနဲ့ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးက ငြိမ်းချမ်းရေး လိုအပ်တယ်လို့ အလေးပေး ပြောဆိုခဲ့ပါတယ်။ "ငြိမ်းချမ်းရေး အီစတာလက်ဆောင်အနေနဲ့ စစ်ပွဲကြောင့်ပျက်စီးဆုံးရှုံးခဲ့တဲ့ ယူကရိန်းကို ရှင်ပြန်ထမြောက်တဲ့ ခရစ်တော်က ကောင်းချီးပါစေ၊ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ရည်ရွယ်ပြီး ကြိုးပမ်းအားထုတ်နိုင်ကြစေဖို့ ပါဝင်ပတ်သက်သူအားလုံး ကောင်းချီးပေးပါစေ" လို့ သူက ပြောကြားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးက မတ်လအတွင်းက ငလျင်ကြီး လှုပ်ခတ်မှုခံခဲ့ရတဲ့ မြန်မာနိုင်ငံကိုလည်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis က မြန်မာပြည်သူတွေကို ကူညီပေးတာကို မပျက်ကွက်သင့်ဘူးလို့ ပြောပါတယ်။ သူတို့ဟာ နှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခတွေကြုံတွေ့နေရပြီး အခု ငလျင်နောက်ဆက်တွဲ အခြေအနေတွေကို ဖြေရှင်းဖို့ သတ္တိတွေ၊ စိတ်ရှည်သည်းခံမှုတွေနဲ့ ရင်ဆိုင်နေကြတယ်လို့ သူက ပြောပါတယ်။
Ref - NHK
https://t.me/MyanmarNationalPost

No comments:
Post a Comment