ရန်ကုန်၊ ဧပြီ ၃
မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အမေရိကန် အစိုးရက ထိန်းသိမ်းထားသည့် ဒေါ်လာ ၁ ဘီလီယံအား ပြန်လည်ထုတ်ပေးရန် FUA အဖွဲ့က အမေရိကန်သံရုံးအား စာပေးပို့ထားကြောင်း သိရသည်။
၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မြန်မာ့နိုင်ငံရေးပြဿနာကြောင့် အမေရိကန်အစိုးရမှ ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံအစိုးရပိုင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအား မြန်မာပြည်သူလူထု၏ ပြည်လည်ထူထောင်ရေး လုပ်ငန်းများတွင် သုံးစွဲနိုင်ရန်အတွက် ပြန်လည်ထုတ်ပေးပါရန် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ဖက်ဒရယ် ပြည်ထောင်စုမဟာမိတ် (FUA)အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။
ဖက်ဒရယ် ပြည်ထောင်စုမဟာမိတ် (FUA)အဖွဲ့၏ ကြေညာချက်တွင် -
"၂၀၂၅ ခုနှစ်၊မတ်လ(၂၈)ရက်၊ ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့် အချိန်တွင် မန္တလေးမြေငလျင် စခန်းမှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားပါသည်။
အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ရှားခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် လမ်းတံတား၊ အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူသေဆုံးမှုလည်း များပြားခဲ့ပါသည်။ စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်လာသူများလည်း မြေငလျင်ဘေးကြောင့် သေဆုံးကြသည်ကို တွေ့ရှိရပါသည်။ တိုင်းရင်းသား ပြည်သူလူထု အသက် အိုးအိမ်ပျက်စီးဆုံးရှုံးကြရသူများအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။ ကပ်ဘေးဆိုးကြီးမှ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ရှားခြင်းကြောင့် အဆောက်အအုံပြိုကျပြီး ပိတ်မိနေသော လူသားတို့၏ အသက်ကိုကယ်တင်ရန်၊ ဒဏ်ရာရလူနာများကို ဆေးဝါးကုသရန်၊ အသက်ရှင်ကျန်ရစ်သူများကို နှစ်သိမ့် အားပေးရန် လူသားချင်းစာနာသော အကူအညီများပေးအပ်ရန် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ အပါအဝင် နိုင်ငံ အသီးသီးမှ ဝိုင်းဝန်းကူညီ လုပ် ဆောင်နေကြပါသည်။ မြန်မာနိုင်ငံသားတို့၏ အသက်ကိုတန်ဘိုးထားကာ အခက်အခဲကြားမှ နေ့၊ ည (၂၄)နာရီအချိန်ပြည့် ဆောင်ရွက်နေကြသော မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၏ လုပ်ဆောင်နေမှုများအား ဂုဏ်ယူဝမ်းမြောက်မိပါသည်။ လူသားချင်း ကိုယ်ချင်းစာနာ၍ လူအား၊ ငွေအား၊ ပစ္စည်းအား ကူညီပေးပို့ကြပြီး မေတ္တာ၊ ကရုနာ အပြည့်နှင့် နှစ်သိမ့်အားပေးစကား ပြောကြားပေးကြသော နိုင်ငံများအားလည်း ကျေးဇူး အထူးတင်ရှိပါသည်။
အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံအနေနှင့် အရှိန်ယူ၍ အားသွန်ခွန်စိုက်ဆောင်ရွက်ရပါမည်။ ၂၀၂၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် မြန်မာ့နိုင်ငံရေး ပြဿနာကြောင့် အမေရိကန်အစိုးရမှ ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံအစိုးရပိုင် အမေရိကန်ဒေါ်လာ (၁) ဘီလီယံကို မြန်မာပြည်သူလူထု၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် သုံးစွဲနိုင်ရန်အတွက် ပြန်လည်ထုတ်ပေးပါရန် လေးစားစွာ တိုက်တွန်းတောင်းဆိုပါသည်။" ဟု တောင်းဆိုထားသည်။
ဖက်ဒရယ် ပြည်ထောင်စု မဟာမိတ်အဖွဲ့ဝင် ပါတီများမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)၊ နာဂအမျိုးသားပါတီ (NNP)၊ ကရင်ပြည်သူ့ပါတီ (KPP)၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) တို့မှ တာဝန်ရှိသူများ ပူးပေါင်းလက်မှတ်ရေးထိုးပြီး တောင်းဆိုထားသည်ကို တွေ့ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment